တမူးမြို့မှာ အခြေခံစားသောက်ကုန်နဲ့ လောင်စာဆီဈေးတွေတက်နေ

ပြီးခဲ့တဲ့လက ကြက်ဥတစ်လုံးကို ၂၇၀ လောက်ကနေ လက်ရှိအချိန်မှာ တစ်လုံးကို လေးရာကျော် ငါးရာလောက်ပေးနေရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ တမူးမြို့ဒေသခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

စစ်ကိုင်းတိုင်း၊ တမူးမြို့ဈေးမှာ ဈေးရောင်း၊ ဈေးဝယ်များကို တွေ့ရစဉ်။ Citizen Journalist

မြန်မာ-အိန္ဒိယနယ်စပ်မြို့ဖြစ်တဲ့ စစ်ကိုင်းတိုင်း၊ တမူးမြို့ကိုသွားတဲ့ လမ်းကို စစ်ကောင်စီက ပိတ်ထားတာကြောင့် အခြေခံစားသောက်ကုန်နဲ့ လောင်စာဆီဈေးတွေ အဆမတန်တက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့လက ကြက်ဥတစ်လုံးကို ၂၇၀ လောက်ကနေ လက်ရှိအချိန်မှာ တစ်လုံးကို လေးရာကျော် ငါးရာလောက်ပေးနေရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ တမူးမြို့ဒေသခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

ကြက်သားလည်း တစ်ပိဿာ နှစ်သောင်းကျော်ပေးနေရပြီး အရင်က တစ်သောင်းကျော်လောက်ပဲရှိတယ်လို့ ဆိုပါတယ်။

ဇွန်လဆန်းက ဓာတ်ဆီ ၉၂ တစ်ဂါလံကို တစ်သောင်းတစ်ထောင်လောက်ပဲရှိရာကနေ ဇွန်လကုန်ကစပြီး တစ်ဂါလံကို တစ်သောင်းခြောက်ထောင်လောက်ထိ တက်သွားတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ တမူးမြို့ဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။

"ဓာတ်ဆီတစ်ဂါလံကို တစ်သောင်းခြောက်ထောင်လောက်ဖြစ်သွားတယ်၊ ဆန်ဆိုလည်း အစားစားပဲ တစ်အိတ်ကို ၂ သောင်းလောက်တက်သွားတယ်"

ပြီးခဲ့တဲ့ ဇွန်လ ၁၅ ရက်နေ့က တမူးမြို့နဲ့ ၇ မိုင်ကျော်လောက်အကွာမှာရှိတဲ့ ပန်းသာကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို ဒေသကာကွယ်ရေးတပ် PDF တွေက ဝင်တိုက်ပြီးနောက် ကလေး-တမူးကားလမ်းကို စစ်ကောင်စီက ပိတ်ထားတာတစ်လ ကျော်လာတဲ့အထိ ပြန်မဖွင့်သေးလို့ ကုန်ဈေးနှုန်းတက်နေတာလို့ ဒေသခံတွေက ပြောပါတယ်။

လမ်းပိတ်ထားလို့ ကုန်ဈေးနှုန်းတက်နေတာနဲ့ ပတ်သက်ပြီး စစ်ကိုင်းတိုင်း စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဦးစောနိုင်ကို RFA က တယ်လီဖုန်းနဲ့ မေးမြန်းဖို့ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေကြားခြင်းမရှိပါဘူး။

ကုန်ပစ္စည်းတွေနဲ့ ခရီးသည်တွေ သွားလာခွင့်မရပေမဲ့ အရေးပေါ်လူနာတင်ကားတွေတော့ သွားလို့ရတယ်လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။

အိန္ဒိယနိုင်ငံ မဏိပူပြည်နယ်အတွင်း ဆန္ဒပြတာတွေရှိခဲ့တာကြောင့် မြန်မာနယ်စပ် တမူး-မိုးရေး နယ်စပ်ဂိတ်ကို အိန္ဒိယက ပိတ်ထားတဲ့အတွက် ကုန်စည်တွေကို အန္ဒိယကနေလည်း ဝယ်လို့မရဘူးလို့ တမူးမြို့မှာနေထိုင်သူတွေက ပြောပါတယ်။

ကလေး- တမူးကားလမ်းကို အမြန်ဆုံး ပြန်မဖွင့်ပေးရင် အခြေခံလူတန်းစားတွေအတွက် အခက်အခဲတွေ အများအပြားရှိလာနိုင်တယ်လို့လည်း ဒေသခံတွေက ပြောကြပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org