ကုန်ဈေးနှုန်းကြီးမြင့်မှု မသမာသူတွေကြောင့်လို့ စစ်ကောင်စီ ဥက္ကဋ္ဌ ပြော
2023.08.26
မြန်မာပြည်သူတွေ ရင်ဆိုင်နေရတဲ့ ကုန်ဈေးနှုန်းကြီးမြင့်မှုဟာ မသမာသူတွေရဲ့ ဈေးကစားမှုကြောင့်ဖြစ်တယ်လို့ စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သြဂုတ်လ ၂၅ ရက် နေပြည်တော်မှာလုပ်တဲ့ စီးပွားရေးရာကော်မတီ အစည်းအဝေးမှာ ပြောဆိုခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက် မြန်မာကျပ်ငွေတန်ဖိုး အဆမတန် ကျဆင်းသွားပြီး ကုန်ဈေးနှုန်းတွေ တဟုန်ထိုးကြီးမြင့်လာတာကြောင့် ပြည်သူတွေ စားဝတ်နေရေးအတွက် ရုန်းကန်နေရပါတယ်။
စစ်ကောင်စီ ဥက္ကဋ္ဌ ကတော့ မသမာသူတွေဟာ သတင်းမှားတွေဖန်တီးပြီး ကုန်ဈေး နှုန်းတွေ ဆွဲတင်တာ၊ ဈေးကစားတာတွေရှိနေတဲ့အတွက် အရေးယူဖို့လိုတယ်လို့ ပြောပါတယ်။ ဒီအပြင် ငွေဈေးကွက်မှာလည်း ပြည်တွင်းငွေ၊ နိုင်ငံခြားငွေနဲ့ ရွှေကိုင် ထားသူတွေက ဈေးကစားနေတဲ့အတွက် ဒါကိုလည်း စနစ်တကျကိုင်တွယ်ဖို့လိုတယ်လို့ ပြောပါတယ်။
ဘဏ်လုပ်ငန်းတစ်ချို့ကလည်း မရိုးမသားလုပ်နေတယ်လို့ စစ်ကောင်စီ ဥက္ကဋ္ဌ ပြစ်တင်ပြောဆိုခဲ့ပေမယ့် ဘယ်လိုမျိုး မရိုးမသားလုပ်ကိုင်နေတယ်ဆိုတာကိုတော့ ထုတ်မပြောပါဘူး။
စီးပွားရေး လေ့လာသုံးသပ်သူတွေကတော့ ကုန်ဈေးနှုန်းကြီးမြင့်တာနဲ့ မြန်မာကျပ်ငွေ တန်ဖိုးကျဆင်းတာတွေအတွက် စစ်ကောင်စီမှာ တာဝန်အရှိဆုံးဖြစ်ပြီး သူ့ရဲ့စီမံခန့်ခွဲမှု ညံ့ဖျင်းတာကြောင့် ပြည်သူတွေအကျပ်အတည်းနဲ့ရင်ဆိုင်ရတာလို့ ထောက်ပြပါတယ်။
စစ်အာဏာမသိမ်းခင် ၂၀၂၀ ခုနှစ်က ကြက်ဥတစ်လုံး ၁၀၀ ကျပ်၊ ပဲဆီတစ်ပိဿာကို ၈၀၀၀ ကျပ်၊ 95 အောက်တိန်းတစ်လီတာကို ၇၆၅ ကျပ် ရှိရာကနေ လက်ရှိမှာတော့ ကြက်ဥတစ်လုံး ၃၀၀ ကျပ်၊ ပဲဆီတစ်ပိဿာကို ၁၈၀၀၀ ကျပ်၊ 95 အောက်တိန်း တစ်လီတာကို ၂၅၀၀ ကျပ် အထိ ဈေးမြင့်တက်လာပါတယ်။
အလားတူ စစ်အာဏာမသိမ်းခင်က အမေရိကန် တစ်ဒေါ်လာကို ၁၃၀၀ ကျပ်ဝန်းကျင်၊ ရွှေတစ်ကျပ်သားကို ၁၃ သိန်းသာ ရှိခဲ့ပေမယ့် လက်ရှိမှာ အမေရိကန်တစ်ဒေါ်လာကို ၃၈၀၀ ကျပ်ဝန်းကျင်နဲ့ ရွှေတစ်ကျပ်သားကို ၃၈ သိန်းဝန်းကျင်ရှိနေပါတယ်။