ကုန်ဈေးနှုန်းကျဆင်းရေး ဖြေရှင်းပေးဖို့ ကြံ့ခိုင်ရေး ကိုယ်စားလှယ် မေးမြန်း
2018.03.06

ဆင်းရဲနွမ်းပါးမှုလျော့ကျရေး၊ ကုန်ဈေးနှုန်း ကျဆင်းရေးအတွက် အစိုးရက ဖြေရှင်းဆောင်ရွက်ပေးဖို့ အစီအစဉ် ရှိမရှိကို ကြံ့ခိုင်ဖံ့ွဖြိုးရေးပါတီရဲ့ ကိုကိုးကျွန်းမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးတင်ဝင်းက ဒီနေ့ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်မှာ မေးခွန်း မေးမြန်းခဲ့ပါတယ်။
အစိုးရအနေနဲ့ ရန်ကုန်တိုင်းဒေသကြီး အတွင်းမှာ ကုန်ဈေးနှုန်းကျဆင်းရေးနဲ့ အလုပ်အကိုင် အခွင့်အလမ်း ပိုမို ရရှိအောင် လုပ်ဆောင်ပေးဖို့ မျှော်လင့်ပေမယ့် စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်းရဲ့ ဖြေကြားမှုတွေကို ကျေနပ်အားရမှုမရှိဘူးလို့ လွှတ်တော် ကိုယ်စားလှယ် ဦးတင်ဝင်း က ပြောပါတယ်။
"သူကတော့ သူရဲ့ကိန်းဂဏန်းတွေနဲ့ ပြောသွားတဲ့အတွက်တော့ ကျနော်အနေနဲ့ကတော့ သူပြောသွားတဲ့ အတိုင်းပဲ ကျနော်တို့ နိုင်ငံမှာ ပိုပြီးတော့ ရင်းနှီးမြှုပ်နှံမယ် ခွင့်ပြုတဲ့အတိုင်း ကျနော်တို့က တကယ်လည်း စက်ရုံ အလုပ်ရုံတွေ လုပ်လာမယ်ဆိုရင်တော့ အားရစရာပေါ့၊ သို့သော်လည်းပဲ လက်ရှိအနေ အထားအရဆိုရင်တော့ ကျနော်တို့ဆီမှာ ကျနော်တို့ပြည်သူလူထုတွေကို အလုပ်အကိုင် အခွင့်အလမ်း ဒီထက်ပိုပြီး လုပ်ပေးဖို့အတွက် ကတော့ ကျတော်ကထပ်ပြီး ပြောချင်ပါတယ်၊ ဆင်းရဲနွမ်းပါးမှု လျော့ ချရေးအတွက် ကုန်ဈေးနှုန်းတည်ငြိမ်ရေးနဲ့ ကုန်ဈေးနှုန်းကျဆင်းရေးကို အစိုးရအနေနဲ့ အလေးထား လုပ်ပေးဖို့တော့ ကျနော့်အနေနဲ့ ပြောချင်ပါတယ်ဗျ ဖြေသွားတဲ့အပေါ်မှာတော့ ကျနော်ကတော့ အထိုက်အလျောက် သိပ်ပြီးတော့ အားရကျေနပ်မှု မရှိဘူး"
အလားတူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီရဲ့ ကျောက်တံတားမြို့နယ် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဒေါ်မြလှစံကလည်း အခြေခံလူတန်းစားတွေ၊ ဝင်ငွေနည်းဝန်ထမ်းတွေ ကုန်ဈေးနှုန်းမြင့်တက်နေတဲ့ ဒဏ်ကို ရင်ဆိုင်နေရပြီး ရေရှည်ရင်ဆိုင်ဖို့ အခက်အခဲ ဖြစ်နေတဲ့အတွက် ကုန်ဈေးနှုန်းလျော့ကျရေး ဈေးနှုန်း တည်ငြိမ်မှု ရှိအောင် ပြည်သူ့ ကိုယ်စားပြုအစိုးရအနေနဲ့ ဘယ်လိုဆောင်ရွက်ပေးမလဲဆိုတာကို ဒီနေ့ မေးမြန်းခဲ့ ပါတယ်။
လက်ရှိ ရန်ကုန်တိုင်းဒေသကြီးမှာ အခြေခံစားသောက်ကုန်တွေအပြင် အခြားကုန်စည်တွေလည်း ဈေးနှုန်းမြင့် တက်နေတာကို တွေ့ရပြီး ကုန်ဈေးနှုန်းမြင့်တက်လာတဲ့အတွက် ခိုးမှု၊ လုယက်မှုတွေ အမြောက်အမြားဖြစ်ပေါ် လာကြောင်း ကိုယ်စားလှယ်တွေက ထောက်ပြခဲ့ပါတယ်။