မြို့သုံးမြို့မှာ နေ့အပူချိန် စံချိန်သစ်တင်

RFA Burmese
2024.04.02
မြို့သုံးမြို့မှာ နေ့အပူချိန် စံချိန်သစ်တင် ပဲခူးမြို့တွင်းတစ်နေရာကို ၂၀၂၁ ခုနှစ် ဧပြီ ၁၄ ရက်နေ့က တွေ့ရစဉ်။
Citizen Journalist

မကွေးတိုင်း ချောက်မြို့၊ ပဲခူးတိုင်း ပဲခူးမြို့နယ် ဇောင်းတူနဲ့ မွန်ပြည်နယ် ရေးမြို့တွေမှာ မတ်လရဲ့ အပူဆုံး နေ့အပူချိန်သစ်တွေရှိခဲ့တယ်လို့ စစ်ကောင်စီရဲ့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ဧပြီလ ၁ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

မကွေးတိုင်း ချောက်မြို့မှာ နှစ်ပေါင်း ၁၁ နှစ်အတွင်း နေ့အပူချိန်စံချိန်သစ်တင်ခဲ့တာဖြစ်ပြီး အရင်စံချိန် အဟောင်းက ၄၅ ဒီဂရီ ဆဲလ်စီးယပ်ဖြစ်ပြီး၊ စံချိန်အသစ်က ၄၅ ဒသမ ၂ ဒီဂရီဆဲလ်စီးယပ် ဖြစ်ပါတယ်။

ချောက်မြို့ခံတစ်ဦးကတော့ နေ့အပူချိန်တွေတိုးလာလို့ သက်ကြီးရွယ်အိုတွေကို ဘုန်းကြီးကျောင်းတွေကို ပို့ထားရတဲ့အကြောင်း RFA ကို ပြောပါတယ်။

“နေ့ဘက်က တော်တော်ကိုပူတာ။ အသက်ကြီးပိုင်းတွေကျတော့ မနေနိုင်ဘူးလေ။ အဲဒါကျတော့ မြို့ပေါ်က ဘုန်းကြီးကျောင်းတွေမှာ ပို့ထားရတယ်။ ဘုန်းကြီးကျောင်းတွေက အရိပ်လည်းရှိတော့ အပူနည်းနည်း သက်သာတယ်။ နေပူတာကတော့ နေလို့ကိုမရတာ”

ပဲခူးတိုင်း၊ ပဲခူးမြို့နယ် ဇောင်းတူ မှာ နှစ်ပေါင်း ၁၈ နှစ်အတွင်း နေ့အပူချိန်စံချိန်သစ်တင်ခဲ့ပြီး အရင်စံချိန် အဟောင်းက ၄၀ ဒသမ ၆ ဒီဂရီဆဲလ်စီးယပ်ဖြစ်ပြီး စံချိန်အသစ်က ၄၀ ဒသမ ၇ ဒီဂရီဆဲလ်စီးယပ် ဖြစ်ပါတယ်။

အလားတူ မွန်ပြည်နယ် ရေးမြို့မှာလည်း ငါးနှစ်အတွင်း နေ့အပူချိန်စံချိန်သစ်တင်ခဲ့ပြီး အရင်စံချိန်အဟောင်းက ၃၉ ဒသမ ၄ ဒီဂရီ ဆဲလ်စီးယပ်ဖြစ်ပြီး စံချိန်အသစ်က ၃၉ ဒသမ ၅ ဒီဂရီဆဲလ်စီးယပ် ဖြစ်ပါတယ်။

အခု ဧပြီလအတွင်းမှာတော့ နေပြည်တော်၊ စစ်ကိုင်း၊ မန္တလေး၊ မကွေး၊ ပဲခူး၊ ရန်ကုန်၊ ဧရာဝတီ၊ တနင်္သာရီ၊ ရှမ်း၊ ကယား၊ ကရင်နဲ့ မွန်ပြည်နယ်တွေမှာ ဧပြီလရဲ့ ပျမ်းမျှအပူချိန်ထက် ၁ ဒသမ ၅ ဒီဂရီဆဲလ်စီးယပ်နဲ့အထက် နေ့အပူချိန်တွေတိုးလာမယ်လို့လည်း ဆိုပါတယ်။

ကချင်၊ ချင်းနဲ့ ရခိုင် ပြည်နယ်တွေမှာတော့ ဧပြီလ ပျမ်းမျှအပူချိန်ပဲရှိမယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်ပါတယ်။ 

 

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။