၀န်ကြီးချုပ်ဟောင်း ဒေါက်တာ လဲ့လဲ့မော် အယူခံ ပယ်ချခံရ


2019.04.22
dr-lelemaw-622.jpg တနင်္သာရီတိုင်း ဝန်ကြီးချုပ်ဟောင်း ဒေါက်တာ လဲ့လဲ့မော် ကို ၂၀၁၆၊ မေ ၁၄ ရက်နေ့က တွေ့ရစဉ်
Photo: RFA

အဂတိလိုက်စားမှုနဲ့ တရားစွဲဆိုခံထားရတဲ့ တနင်္သာရီတိုင်း ဝန်ကြီးချုပ်ဟောင်း ဒေါက်တာ လဲ့လဲ့မော်ရဲ့ အာမခံ လျှောက်ထားမှုကို တိုင်းတရားလွှတ်တော်က ဒီနေ့ ပယ်ချလိုက်ပါတယ်။

ဝန်ကြီးချုပ်ဟောင်း ဒေါက်တာ လဲ့လဲ့မော်ဟာ ကျန်းမာရေး အခြေအနေအရ ပြီးခဲ့တဲ့ ဧပြီ ၄ ရက်နေ့က ဒုတိယအကြိမ် ရုံးချိန်းမှာ ရှေနေ့ကတင်ဆင့် အာမခံ လျှောက်ထားတာတာပါ။

သူမဟာ ရင်သားကင်ဆာရောဂါ ရှိနေပြီး သက်သေခံ စာရွက်စာတမ်းတွေကို သူကိုယ်တိုင်ရှာဖွေဖို့ လိုအပ်နေတဲ့အတွက် အမှုကိုပြန်လည်ရင်ဆိုင် ဖြေရှင်းနိုင်ဖို့ အာမခံလျှောက်ထားခဲ့တာလို့ သိရပါတယ်။

ဝန်ကြီးချုပ်ဟောင်းရဲ့ အာမခံ လျှောက်ထားမှုကို တိုင်းတရားလွှတ်တော်က ပယ်ချခဲ့ပေမယ့် တရားစွဲခံရသူဘက်က ဆန္ဒရှိမယ်ဆိုရင် နေပြည်တော် ပြည်ထောင်စု တရားလွှတ်တော်ချုပ်ထံ အယူခံ ဆက်လက်ဝင်ခွင့်ရှိတယ်လို့ ဒေါက်တာ လဲ့လဲ့မော်ရဲ့ ရှေ့နေ ဦးနိုင်လင်းထွန်းက RFA ကို ပြောပါတယ်။

ဒီနေ့ရုံးချိန်းမှာ တရားလိုဖြစ်တဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်က တာဝန်ရှိသူတွေကို စတင်စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။ နောက်တစ်ပတ် ရုံးချိန်းကို လာမယ့် မေလ ၆ ရက်နေ့မှာ ပြန်လည်ချိန်းဆိုလိုက်ပါတယ်။

အဂတိလိုက်စားမှု တိုက်ဖျက်ရေးကေ်ာမရှင်က ဝန်ကြီးချုပ်ဟောင်း ဒေါက်တာ လဲ့လဲ့မော် အပါအဝင် GGS ကုမ္ပဏီက တာဝန်ရှိသူ ၃ ဦးကို အဂတိလိုက်စားမှု ဥပဒေပုဒ်မတွေနဲ့ ပြီးခဲ့တဲ့ မတ်လက တရားစွဲဆိုထားတာဖြစ်ပါတယ်။

ဒေါက်တာ လဲ့လဲ့မော် အပါအဝင် လေးဦးကို အဂတိလိုက်စားမှုတွေရှိတယ်ဆိုပြီး အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က တရားလိုလုပ်ပြီး ထောင်ဒဏ် ၁၅ နှစ် ချမှတ်ခံရနိုင်တဲ့ ပုဒ်မတွေနဲ့ တရားစွဲဆိုထားတာဖြစ်ပြီး ဝန်ကြီးချုပ်ဟောင်း ဒေါက်တာ လဲ့လဲ့မော်ဟာ  ဧပြီ ၄ ရက်နေ့က ရုံးချိန်းမှာ အာမခံလျှောက်ထားခဲ့တာပါ။

အာမခံပယ်ချခံရတာနဲ့ပတ်သက်လို့ ဒေါက်တာ လဲ့လဲ့မော်ရဲ့ ရှေ့နေ ဦးနိုင်လင်းထွန်းက RFA ကို အခုလိုပြောပါတယ်။

"ဒေါက်တာ လဲ့လဲ့မော်ရဲ့ကျန်းမာရေးအခြေအနေ အမှုရင်ဆိုင်ဖို့ အကြောင်းအရာလေးတွေပေါ့။ အဲဥစ္စာကို ကျွန်တော်တို့က လမ်းကြောင်းနှစ်ခုနဲ့ လျှောက်တာ အာမခံလျှောက်တဲ့ကိစ္စကို ဒီနေ့ ရုံးအမိန့်ချတယ် ကျွန်တော်တို့လျှောက်ထားမှုကို ပယ်တယ်"

ဒီအမှုဟာ အများ စိတ်ဝင်တစားစောင့်ကြည့်နေတဲ့အမှုဖြစ်ပြီး ဒီနေ့ တရားရုံးချိန်းမှာဆိုရင် ထားဝယ်မြို့ခံတချို့ သွားရောက်စောင့်ကြည့်ကြတာလည်း ရှိပါတယ်။

"မပေးသင့်တဲ့ဟာကို ပေးလို့ရှိရင် ဒီမှာ အားလုံးမျှော်လင့်စောင့်စားနေကြတဲ့ အားလုံးက ဒေါက်ထောက်ကြည်နေတဲ့အနေအထားမှာ ဥပဒေကြောင်းအရကော နိုင်ငံရေးစနစ်အရကော တကယ်ပေးလိုက်လို့ရှိရင်တော့ ဒါက တော်တော်လေးဂယက်ရိုက်သွားမှာပေါ့လေ။ ပြစ်မှုအနေနဲ့ အပြစ်ရှိတယ်ဆိုပြီး သူကိုဖမ်းထားတဲ့အနေအထားမှာ မပေးတာက ဖြစ်သင့်တယ်လို့မြင်တယ်"

တရားရုံးကို သွားရောက်ခဲ့တဲ့ ထားဝယ်ဒေသခံ ဦးအောင်မောင်သိန်း ပြောသွားတာပါ။

ဝန်ကြီးချုပ်ဟောင်း ဒေါက်တာ လဲ့လဲ့မော်ဟာ ကင်ဆာရောဂါ ခံစားနေရတယ်လို့ ရှေ့နေရဲ့ ပြောပြချက်အရ သိရပါတယ်။

အာမခံလျှောက်ထားရတဲ့ အခြေအနေတွေနဲ့ပတ်သက်လို့ ရှေ့နေ ဦးနိုင်လင်းထွန်းက အခုလိုပြောပါတယ်။

"ကျန်းမာရေးကိစ္စက သူ ကင်ဆာရောဂါဖြစ်နေတဲ့ဆိုတဲ့အကြောင်း အဲကြောင့်မို့ သူဟာ ကင်ဆာဆေးတွေ သွင်းနေရတယ်။ အဲကျွန်တော် သူ့အတွက် ကျန်းမာရေးအခြေအနေအရ အာမခံနဲ့ အပြင်မှာနေပြီးတော့ ထုချေခွင့်ရအောင် နောက်တစ်ခုက ကျွန်တော်တို့က သူတို့ ရုံးပိုင်းဆိုင်ရာ ကိစ္စရပ်တွေဖြစ်နေတော့ သူနဲ့ ရုံးနဲ့ပတ်သက်တဲ့ စာရွက်စာတမ်းတွေက ဒေါက်တာ လဲ့လဲ့မော် ကိုယ်တိုင် ဖြေရှင်းမှရတယ်ဆိုတဲ့ ကိစ္စတွေဆိုတော့လေ အဲလမ်းကြောင်းလေး နှစ်ခုပေါ့။ အဲဒါ နှစ်ခုကိုခေါင်းတည်ပြီး လျှောက်တာ"

တိုင်းတရားလွှတ်တော်က အာမခံပယ်ချလိုက်ပေမယ့် မိသားစုက ဆန္ဒရှိမယ်ဆိုရင် ပြည်ထောင်စု တရားလွှတ်တော်ကို ဆက်လက်လျှောက်ထားလို့ရတယ်လို့လည်း ရှေ့နေက ပြောပါတယ်။

ဒေါက်တာ လဲ့လဲ့မော်ရဲ့ မိသားစုဝင်တွေကို RFA က ဖုန်းနဲ့ဆက်သွယ်မေးမြန်းပေမယ့် ဖုန်းပိတ်ထားပါတယ်။

ဒေါက်တာ လဲ့လဲ့မော်ဟာ ထားဝယ် လေယာဉ်ကွင်းနဲ့ ထားဝယ် တက္ကသိုလ်ဝင်း ချုံနွယ် ရှင်းလင်းတဲ့လုပ်ငန်းနဲ့ သြင်္ကန်ပွဲတော် ဗဟိုမဏ္ဍပ် တည်ဆောက်ရေးလုပ်ငန်းတွေမှာ ရာထူးတာဝန်ကို အလွဲသုံးစားလုပ် တံစိုးလက်ဆောင်ရယူခဲ့တာ၊ လုပ်ပိုင်ခွင့် ချပေးတာတွေရှိတယ်ဆိုပြီး GGS ကုမ္ပဏီက တာဝန်ရှိသူ ၃ ဦးနဲ့အတူ အဂတိတိုက်ဖျက်ရေးကော်မရှင်က အမှုဖွင့် အရေးယူခဲ့တာဖြစ်ပါတယ်။

ဒီနေ့ တရားရုံးချိန်းမှာ တရားလိုဖြစ်တဲ့ အဂတိတိုက်လိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က တာဝန်ရှိသူတွေကို စစ်ဆေးခဲ့ပြီး ရာဇသတ်ကြီးပုဒ်မ ၂ခုအတွက် စစ်ဆေးပြီးစီးခဲ့တယ်လို့ သိရပါတယ်။

ဒီနေ့ရုံးချိန်းဟာ စတုတ္ထအကြိမ်မြောက်ဖြစ်ပြီး လာမည့် ရုံးချိန်းကို မေ ၆ ရက်နေ့မှာ ပြန်လည်ချိန်းဆိုကာ တရားလိုကို ဆက်လက် စစ်ဆေးသွားမယ်လိ့ု သိရပါတယ်ခင်ဗျာ။

ဒီသတင်းကို RFA သတင်းထောက် ကိုကျော်လွင်ဦး ပေးပို့တာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။