လန်ဒန်ဆရာတော်ရဲ့ သက်သေခံလျှောက်လဲချက် တရားရုံးပယ်ချ
2014.12.03

လန်ဒန်ဆရာတော် ဦးဥတ္တရနဲ့ သံဃာ ၄ ပါးကို သံဃာအဖွဲ့အစည်း စကားနားမထောင်မှုနဲ့ တရားစွဲဆိုတဲ့အမှုမှာ ဆရာတော် ဦးဥတ္တရ က နိုင်ငံတော် သံဃာ့မဟာနာယကရဲ့ အစည်းအဝေး မှတ်တမ်းကို သက်သေခံအဖြစ် တင်ပြတဲ့လျှောက် လဲချက်ကို ရန်ကုန်အရှေ့ပိုင်းခရိုင် တရားရုံးက ဒီနေ့ ပယ်ချလိုက်ပါတယ်။
အကြောင်းပြချက် ၂ ချက်နဲ့ အရှေ့ပိုင်းခရိုင်တရားရုံးက ပယ်ချလိုက်တာဖြစ်တယ်လို့ လန်ဒန်ဆရာတော် ဦးဥတ္တရက မိန့်ပါတယ်။
"နိုင်ငံတော် သံဃာ့မဟာနာယကအဖွဲ့ရဲ့ အစည်းအဝေးမှတ်တမ်းကို ဘုန်းကြီးတို့က သက်သေခံစာအဖြစ် ကျယ်ကျယ်ပြန့်ပြန့် အမှုစစ်ဆေးနိုင်အောင်ဆိုပြီးတော့ တင်သွင်းတယ်ပေါ့နော်၊ ခရိုင်တရားရုံးကလည်း ဒါကိုပယ်ချတယ်၊ အကြောင်းက နှစ်ချက်ပေါ့၊ ဒါကန့်သတ်ချက်ဖြစ်တယ်၊ နောက်တခါ ပြည်သူလူထုလက်ထဲကို ရောက်သွားလို့ရှိရင် မလိုလားအပ်တဲ့ အဓိကရုဏ်းတို့ဘာတို့ ဖြစ်နိုင်တယ်ဆိုပြီးတော့ အဲ့လိုပြောထားတယ်"
အဲဒီ့ အစည်းအဝေးမှတ်တမ်းကို သက်သေအဖြစ် တင်သွင်းခွင့်ပြုဖို့ တရားလွှတ်တော်ချုပ်အထိ ဆက်လက်တင်ပြသွားမယ်လို့ လန်ဒန်ဆရာတော်ရဲ့ရှေ့နေ ဦးသိမ်းဝင်းက ပြောပါတယ်။ ပြီးခဲ့တဲ့ ဇွန်လ ၁၀ ရက်နေ့ညက မဟာသန္တိသုခကျောင်းတိုက်မှာ သီတင်းသုံးနေတဲ့ လန်ဒန်ဆရာတော် ဦးဥတ္တရအပါအဝင် သံဃာ အပါး၂၀ ခန့်ကို သံဃာ့မဟာနာယကအဖွဲ့အမိန့်နဲ့ ပြည်ထဲရေးဝန်ကြီးဌာနနဲ့ သာသနာရေးဝန်ကြီးတို့က ဝင်ရောက်ဖမ်းဆီးခဲ့ပြီး ကျောင်းတိုက်ကိုလည်း ချိတ်ပိတ်ခဲ့ပါတယ်။
အဲဒီနောက် လန်ဒန်ဆရာတော် ဦးဥတ္တရနဲ့ သံဃာ ၄ ပါးကို သံဃာအဖွဲ့အစည်း စကားနားမထောင်မှု ၂၀/၉၀၊ ပုဒ်မ ၂၉၅ (က) သာသနာညှိးနွမ်းစေမှုနဲ့ ရန်ကုန်တိုင်းဒေသကြီး သာသနာရေးဦးစီးဌာနမှူး ဦးစိန်မော်က တရားလိုလုပ်ပြီး တာမွေမြို့နယ်တရားရုံးမှာ တရားစွဲခဲ့တာဖြစ်ပါတယ်။
ဒီအကြောင်း RFA သတင်းထောက် ကိုကျော်လွင်ဦး တင်ပြထားတာ နားဆင်နိုင်ပါတယ်။