စစ်ကြောင်း တိုက်ခိုက်ခံရပြီးနောက် ရေစကြိုမှာ ရဟန်းတစ်ပါးနဲ့ ဒေသခံနှစ်ဦး အသတ်ခံရ

RFA Burmese
2024.10.13
စစ်ကြောင်း တိုက်ခိုက်ခံရပြီးနောက် ရေစကြိုမှာ ရဟန်းတစ်ပါးနဲ့ ဒေသခံနှစ်ဦး အသတ်ခံရ ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များကို ၂၀၂၄ အောက်တိုဘာလ ၁၁ ရက်နေ့က တွေ့ရစဥ်။
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ ရေစကြိုမြို့နယ်

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ဇီးကုန်းရွာအနီးမှာ စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရပြီးနောက် ရဟန်းတစ်ပါးနဲ့ ဒေသခံနှစ်ဦး သတ်ဖြတ်ခံရတယ်လို့ ရေစကြိုဒေသခံတွေက RFA ကို ပြောပါတယ်။

အောက်တိုဘာ ၁၀ ရက်နေ့က စစ်ကောင်စီရဲ့ ခြေလျင်တပ်ရင်း ခလရ - ၂၅၆ က အင်အား ခုနစ်ဆယ်ခန့်ပါ စစ်ကြောင်းနဲ့ ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ ဇီးကုန်းနဲ့ ဇီးကုန်းကျွန်းရွာ ကြားမှာ နှစ်ဖက်တိုက်ပွဲ ဖြစ်ခဲ့တာပါ။

အဲဒီနောက် အောက်တိုဘာ ၁၁ ရက်မှာ စစ်ကောင်စီတပ်သားတွေက ဇီးကုန်းရွာထဲ ဝင်လာပြီး ရဟန်းတစ်ပါးနဲ့ အရပ်သားတွေကို သတ်ဖြတ်သွားတာလို့ ဒေသခံတွေက ပြောပါတယ်။

ဒါ့အပြင် ဇီးကုန်းကျေးရွာက ဒေသခံ အမျိုးသားလေးဦးလည်း ဖမ်းဆီးခံရပြီး စစ်ကြောင်းနဲ့အတူ ခေါ်ဆောင်သွားတာကြောင့် အခုထိ ပြန်မလွတ်လာသေးဘူးလို့ ဆိုပါတယ်။

နှစ်ဖက်တိုက်ပွဲမှာ စစ်ကောင်စီတပ်ဘက်က ခြောက်ဦးသေဆုံးပြီး အဲဒီရုပ်အလောင်းတွေနဲ့အတူ အရပ်သားတွေကိုပါ မြေမြုပ်ထားခဲ့တာလို့ ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ ပြောခွင့်ရသူက RFA ကို ပြောပါတယ်။

“တိုက်ပွဲဖြစ်ပြီးနောက် စစ်ကောင်စီ တပ်သားတွေ ရွာထဲကိုဝင်တာ။ ဇီးကုန်းရွာထဲကိုဝင်တာ နယ်မြေရှင်းလင်းတာပေါ့။ အဲဒီမှာ ရွာက ဘုန်းကြီးတစ်ပါးနဲ့ ဒေသခံနှစ်ဦးကို သတ်တာ၊ ဒေသခံလေးဦးကိုလည်း ခေါ်သွားတယ်။ အခုက စစ်ကောင်စီတပ်က ရွာကနေ ထွက်သွားပြီ”

အသတ်ခံရသူတွေရဲ့ အသေးစိတ်အချက်အလက်ကိုတော့ လတ်တလော မသိရသေးဘူးလို့ သူက ပြောပါတယ်။

တိုက်ပွဲအတွင်း ရေစကြိုပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တစ်ဦး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်ဘက် သေဆုံးမှုတွေကိုတော့ RFA အနေနဲ့ သီးခြား အတည်မပြုနိုင်သေးပါဘူး။

ဒါနဲ့ပတ်သက်လို့ တုံ့ပြန်ချက်ရနိုင်ဖို့ စစ်ကောင်စီရဲ့ မကွေးတိုင်းပြောခွင့်ရသူ လူမှုရေးဝန်ကြီး ဦးမျိုးမြင့်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ပေမဲ့ လက်ခံဖြေကြားတာ မရှိပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။