ရိုက်တာသတင်းထောက်နှစ်ဦးကို ထောင်ဒဏ် ၇နှစ်စီ ချမှတ်

မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက်အက်ဥပဒေနဲ့ ဖမ်းဆီးတရားစွဲဆိုခံထားရတဲ့ ရိုက်တာ သတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦး တို့ကို ရန်ကုန်မြောက်ပိုင်းခရိုင်တရားရုံးက ထောင်ဒဏ် ၇နှစ် အမိန့်ချလိုက် ပါတယ်။

ရိုက်တာသတင်းထောက်နှစ်ဦးကို ရန်ကုန်မြောက်ပိုင်းခရိုင် အင်းစိန်တရားရုံးမှာ ရုံးထုတ်လာစဉ် Photo: Aung Thain Kha/RFA

မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက်အက်ဥပဒေနဲ့ ဖမ်းဆီးတရားစွဲဆိုခံထားရတဲ့ ရိုက်တာသတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦး တို့ကို ရန်ကုန်မြောက်ပိုင်းခရိုင်တရားရုံးက ထောင်ဒဏ် ၇နှစ် အမိန့်ချလိုက်ပါတယ်။

ရခိုင်ပြည်နယ်က ရဲကင်းစခန်းတွေရဲ့ လုံခြုံရေးနဲ့ဆိုင်တဲ့ စာရွက်စာတမ်းတွေ လက်ဝယ်တေ့ွရှိလို့ဆိုပြီး ဒုတိယ ရဲမှူးကြီး ယုနိုင် က တရားလိုလုပ်ကာ မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက်အက်ဥပဒေနဲ့ တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။

ရိုက်တာသတင်းထောက်နှစ်ဦးကို ထောင်ချောက်ဆင် ဖမ်းဆီးခဲ့တာဖြစ်ကြောင်း ဒီအမှုရဲ့ တရားလိုပြသက်သေတွေ ထဲက ဒုရဲမှူး မိုးရန်နိုင် က ထွက်ဆိုခဲ့ပါတယ်။ ဒုရဲမှူး မိုးရန်နိုင် ဟာ ရဲစည်းကမ်းဖောက်ဖျက်မှုနဲ့ ထောင်ဒဏ်တစ်နှစ် ချမှတ်ခံထားရပါတယ်။

ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့က အယူခံဝင်သွားမယ်လို့ အမိန့်ချအပြီးမှာ ပြောခဲ့ပါတယ်။  

သူတို့နှစ်ဦးကို ၂၀၁၇ ခုနှစ် ဒီဇင်ဘာလ ၁၂ ရက်နေ့ကတည်းက ရဲတပ်ဖဲ့ွက ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

ဒီအမှုအတွက် တရားလိုပြသက်သေ ၂၂ ဦး၊ တရားခံပြသက်သေ ၃ ဦးတို့ကို စစ်ဆေးခဲ့ပါတယ်။

ဒီသတင်းထောက်နှစ်ဦးဟာ ရခိုင်ပြည်မြောက်ပိုင်းမှာ အကြမ်းဖက်တိုက်ခိုက်မှုတွေ ဖြစ်ပွားနေစဉ် မောင်တော မြို့နယ် အင်းဒင်ကျေးရွာမှာ လူအစုလိုက်အပြုံလိုက် အသတ်ခံရမှု ရှိခဲ့တာကို ဖော်ထုတ်ရေးသားခဲ့ပါတယ်။

ဒီအမှုဟာ နိုင်ငံတကာအဖွဲ့အစည်းတွေ၊ လူ့အခွင့်အရေးအဖွဲ့တွေ၊ သတင်းမီဒီယာတွေရဲ့ စိတ်ဝင်စားစောင့်ကြည့် ခံရတဲ့ အမှုဖြစ်ပါတယ်။ ဒီနေ့ တရားရုံးကို နိုင်ငံတကာသံတမန်တွေ၊ ပြည်တွင်းပြည်ပ သတင်းဌာနတွေက တက်ရောက်ခဲ့ပါတယ်။

သတင်းသမားတွေ၊ အရပ်ဖက်အဖွဲ့တွေနဲ့ ပြည်သူတွေရဲ့ လက်မှတ်တွေ စုပြီး ရိုက်တာသတင်းထောက်နှစ်ဦးကို လွတ်ငြိမ်းချမ်းသာခွင့်ပေးဖို့ နိုင်ငံတော်သမ္မတထံ စာတင်ဖို့ စီစဉ်နေကြတယ်လို့ သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org