ယုဇနကုမ္ပဏီကို ကချင်လယ်သမားများ တရားစွဲမှု စတင်စစ်ဆေး

စစ်အစိုးရ ကျောထောက်နောက်ခံပေးထားတဲ့ လုပ်ငန်းရှင် ဦးဌေးမြင့်ပိုင်တဲ့ ယုဇနကုမ္ပဏီကို လယ်သမား ၁၇ ဦးက တရားစွဲဆိုတဲ့အမှုကို မြစ်ကြီးနား ပြည်နယ်တရားရုံးမှာ စတင်စစ်ဆေးရာမှာ ဒီကနေ့ လယ်အသိမ်းခံရတဲ့ လယ်သမားတွေကို စပြီး စစ်ဆေးတယ်ပါတယ်။

2010.09.02
hukawng_valley_305_z မြန်မာနိုင်ငံ မြောက်ဖျား၊ ကချင်ပြည်နယ်နှင့် အိန္ဒိယ နယ်စပ်ရှိ ဟူးကောင်းတောင်ကြား ဒေသ တည်နေရာပြ မြေပုံ ဖြစ်ပါသည်။ (RFA Map)
(RFA Map)

ဒီအမှုကို လယ်သမားတွေက သြဂုတ်လ ၃၀ ရက်နေ့က တင်ခဲ့ပေမဲ့ လယ်သမား ၁၇ ဦးစုံစုံ ညီညီ လာရောက်နိုင်ခြင်း မရှိတာကြောင့် စက်တင်ဘာလ ၂ ရက်နေ့ကို အမှုချိန်းခဲ့တာပါ။

လယ်သမား ၁၇ ဦးက လွန်ခဲ့တဲ့၂ နှစ်ကျော်က စပြီး လယ်မြေတွေ အသိမ်းခံရတာ ဖြစ်လို့ ၂ နှစ်အတွင်း လယ်ယာလုပ်ငန်းတွေကို လုပ်ကိုင်နိုင်ခြင်း မရှိတာကြောင့် နစ်နာကြေး ရလိုမှုနဲ့ တရားစွဲတာပါ၊

ဒီအမှုကို ဆက်လက်တင်တဲ့ လယ်သမား ၁၇ ဦးအပါအဝင် ကချင်ပြည်နယ် ဟူကောင်းဒေသ ရွာငါးရွာက လယ်သမား ၁၄၈ ဦးက ဇွန်လအတွင်းက ယုဇနကုမ္ပဏီကို လယ်မြေဧက ၁၀၀၀ ကျော် သိမ်းခဲ့တဲ့အတွက် နစ်နာကြေး ရလိုမှုနဲ့ တရားစွဲခဲ့ပါတယ်။

ဒီအမှုကို တရားသူကြီးက တိုင်းမှူးနဲ့ အစီရင်ခံပြီး တလအတွင်း ဖြေရှင်းပေးပါမယ်လို့ ပြောခဲ့ပါတယ်၊ နောက်ပိုင်း တိုင်မှူးကိုယ်တိုင် ဒေသတွင်း ကွင်းဆင်းကြည့်ရှုခဲ့ပြီး နစ်နာသူ ယာသမားတွေ အတွက် ဆောင်ရွက်ပေးဖို့ ပြောဆိုခဲ့ပေမဲ့ တကယ်တမ်းက ဖြစ်မလာဘူးလို့ သိရပါတယ်၊ ယာသမား အမျိုးသမီးတဦးက ခုလိုပြောပြပါတယ်၊

“တိုင်းမှူးက ကျွန်မတို့ကို အကောင်းဆုံး လုပ်ပေးလိုက်ပါလို့ ပြောတယ်။ ဒီ ရွာနဲ့ နီးတဲ့ နေရာမှာပဲ သူတို့ ကြိုက်တဲ့နေရာမှာ လုပ်ပေးလိုက်ပါ ဆိုပြီး ပြောတယ်။ ဒါပေမဲ့ တိုင်းမှူး ပြန်သွားတဲ့အခါကျတော့ သူတို့က ကျွန်မတို့ကို လက်ညှိုးထိုးပြတာက တခြားစီ ဖြစ်သွားတယ်။”

ယာသမားအများစုဟာ ကိုယ့်မြေကို ပြန်လိုပေမဲ့ အောက်ခြေအာဏာပိုင်တွေက စိုက်ပျိုးမရတဲ့ နေရာတွေက မြေတွေကို ချပေးတာကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်၊ တချို့ ငွေယူလိုသူတွေကို တဧကကို ကျပ်ငွေ ၈ သောင်း ရှင်းပေးမယ်လို့ ပြောပေမဲ့ တကယ် ရှင်းပေးတဲ့ ငွေဟာ ယာသမားတွေ ပိုင်ဆိုင်တဲ့ မြေဧကအတိုင်း မဟုတ်ပဲ လျှော့ပြီး ရှင်းပေးတာဖြစ်တယ်လို့ ယာသမား တွေက ပြောပါတယ်။

ဒါအပြင်ယာသမားတွေရဲ့ အိမ်ကို ရဲတပ်ဖွဲ့ဝင်တွေက ညစဉ် လာရောက်ပြီး ယုဇန ကုမ္ပဏီကို ခေါ်ဆောင်ပြီး ခြိမ်းခြောက် လက်မှတ်ထိုးခိုင်းတာတွေလည်း လုပ်တယ်လို့ သိရပါတယ်၊ ကချင်ပြည်နယ် ဟူးကောင်းဒေသမှာ ယုဇနကုမ္ပဏီက သိမ်းယူထားတဲ့ မြေဧက ၄ သိန်းကျော် ရှိပြီး နေ့စဉ် အလုပ်သမား ၂ ထောင်ကျော်နဲ့ ကြံနဲ့ ပုလောပီနံပင်များ စိုက်ပျိုးနေတာ ဖြစ်တယ်လို့ သိရပါတယ်။

တရားစွဲဆိုတဲ့ လယ်သမားတွေကို RFA မှ ဦးတင်အောင်ခိုင်က ဆက်သွယ်မေးမြန်းထားပါတယ်။

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။