ယုဇနပလာဇာ တနင်္လာနေ့တိုင်း ပိတ်ဖို့ အလုပ်သမားတွေ ဆန္ဒပြ


2013.03.17

ရန်ကုန်မြို့၊ မင်္ဂလာတောင်ညွန့်မြို့နယ်မှာရှိတဲ့ ယုဇနပလာဇာကို တနင်္လာနေ့တိုင်း နားရက်အဖြစ် သတ်မှတ်ရေးအတွက် ဆိုင်ခန်းပိုင်ရှင်တွေဟာ ဒီကနေ့မှာ ဈေးရောင်းရင်း တနင်္လာနေ့တိုင်းပိတ်သည်ဆိုတဲ့ စာတန်းပါ အဝါရောင်တီရှပ်တွေ ဝတ်ဆင်ပြီး ဆန္ဒပြခဲ့ကြပါတယ်။

ဒီလိုလှုပ်ရှားမှုပြုလုပ်တဲ့ ယုဇနပလာဇာကို ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေက လာရောက်အားပေးခဲ့ကြတယ်လို့လည်း အထည်ဆိုင်ပိုင်ရှင် မစုက RFA ကို ပြောပါတယ်။

"ကျွန်မတို့က ဒီနေ့မှာ ဆိုင်ရှင်ရော ဝန်ထမ်းတွေရော ဒီလိုမျိုးအဝါရောင်လေးတွေ ဝတ်တယ်ဆိုတာ ကိုယ့်ဆိုင်ကိုလာဝယ်တဲ့သူတိုင်း ပြောပြစရာမလိုပဲနဲ့ သိရှိစေပါတယ်၊ နောက်ပြီး ကျွန်မတို့ရဲ့ ပိတ်ချင်တဲ့ ဆန္ဒလေးတွေကိုလည်း လုပ်ပေးနိုင်စွမ်းရှိသူတွေက ကူညီပေးစေချင်ပါတယ်၊ အဲ့အတွက်ကြောင့်မို့လို့ တနင်္ဂနွေနေ့နေ့ ရောက်တိုင်းရောက်တိုင်း တီရှပ်အဝါရောင်လေးတွေ ဝတ်ရင်းနဲ့ ဆောင်ရွက်ကြပါတယ်၊ ဒီကနေ့ ကိုမင်းကိုနိုင်တို့ လာတဲ့အခါကျလဲ ကျွန်မတို့ရဲ့ ဈေးသူဈေးသားတွေ အကုန်လုံးကြိုဆိုကြပါတယ်၊ ကျွန်မတို့အခုပိတ်ချင်တဲ့ ဆန္ဒလေးကို ကူညီပေးစေချင်ပါတယ်"

ဆိုင်ခန်းပိုင်ရှင်တွေ တောင်းဆိုတဲ့အချက်တွေ ရရှိဖို့အတွက် ယုဇနပလာဇာပိုင်ရှင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဌေးမြင့်နဲ့ ညှိနှိုင်းခွင့်မရရင် သက်ဆိုင်ရာ ဝန်ကြီးဌာနတွေကို တင်ပြဆွေးနွေးသွားမယ်လို့ ဒီအရေးကို ကူညီပေးနေတဲ့ ၈၈မျိုးဆက်ကျောင်းသားများအဖွဲ့ဝင် ကိုအောင်သူက RFA ကို ပြောပါတယ်။

ဆန္ဒပြပွဲကို ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်၊ ကိုအောင်သူ၊ မမာမာဦး၊ မနီလာသိန်းနဲ့ ကိုသက်ဇော်တို့ သွားရောက်အားပေးစကားပြောကြားခဲ့ပြီး ဆိုင်ခန်းပိုင်ရှင်တွေနဲ့အတူ ဈေးအုပ်ချုပ်ရေးမှူးရုံးနဲ့ စည်ပင်ကို စာတင်ထားခဲ့ကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။