နိုင်ငံတော်နဲ့ ပြည်သူအပေါ် တာဝန်ကျေဖို့ ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း
နိုင်ငံတော်နဲ့ ပြည်သူအပေါ် တာဝန်ကျေဖို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဒီနေ့ သူ့ရဲ့ အသက် ၇၄ နှစ်မြောက်မွေးနေ့မှာ NLD လွှတ်တော်ကိုယ်စားလှယ်တွေကို တိုက်တွန်းလိုက်ပါတယ်။
-
2019-06-19 -
-
-
နိုင်ငံတော်နဲ့ ပြည်သူအပေါ် တာဝန်ကျေဖို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဒီနေ့ သူ့ရဲ့ အသက် ၇၄ နှစ်မြောက်မွေးနေ့မှာ NLD လွှတ်တော်ကိုယ်စားလှယ်တွေကို တိုက်တွန်းလိုက်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်က အသက် ၇၄ နှစ်မြောက် မွေးနေ့အခမ်းအနားကို နေပြည်တော်က လွှတ်တော်ဝင်းအတွင်း လွှတ်တော်ရေးရာကော်မတီခန်းမဆောင် I - 12 မှာ ကျင်းပပြီးနောက် လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ သီးခြားတေ့ွဆုံစဉ်မှာ အခုလိုတိုက်တွန်းခဲ့တာပါ။
တိုင်းပြည်အကျိုးစီးပွားကို ရှေ့တန်းတင်ဖို့နဲ့ ပါတီအပေါ် သစ္စာရှိဖို့လည်း တိုက်တွန်းခဲ့ပါတယ်။
ဒီမွေးနေ့ပွဲ အခမ်းအနားကို သမ္မတ ဦးဝင်းမြင့်၊ ဒုတိယ သမ္မတ ဦးဟင်နရီဗန်ထီးယူ နဲ့ လွှတ်တော်ဥက္ကဋ္ဌတွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ကြပါတယ်။
တက်ရောက်လာတဲ့ နိုင်ငံတော် သမ္မတ ဦးဝင်းမြင့် က အတိုင်ပင်ခံပုဂ္ဂိုလ် အသက်ရှည်ဖို့ ဆုတောင်းခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကတော့ တစ်နှစ်ထက်တစ်နှစ် အသက်ကြီးလာတာနဲ့အမျှ ပြည်သူတိုင်းဟာ အများအတွက် တန်ဖိုးရှိတဲ့ကိစ္စတွေ ပိုပြီးလုပ်ဆောင်ဖို့ ပြည်သူလူထုဆီကနေ မွေးနေ့လက်ဆောင်အဖြစ် လိုချင်တယ်လို့ ပြောပါတယ်။
မွေးနေ့အထိမ်းအမှတ်အဖြစ် ဒေါ်အောင်ဆန်းစုကြည်က လွှတ်တော်ဝန်ထမ်းတွေ အပါအဝင် တက်ရောက်လာသူတွေကို ထမင်းဘူးတွေ ဝေငှခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့အထိမ်းအမှတ် အခမ်းအနားတွေကို နိုင်ငံအနှံ့မှာ ကျင်းပနေပြီး စတုဒီသာကျွေးမွေးတာ၊ သစ်ပင်စိုက်တာတွေလည်း ရှိပါတယ်။
ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံမှာတော့ ဒီနေ့မနက်က လူဦးရေ ၇၄၀ က ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဓါတ်ပုံကို ကိုင်ဆောင်ပုံဖော်ပြီး မွေးနေ့ဆုတောင်းခဲ့ကြပါတယ်။
ဒီသတင်းကို RFA သတင်းထောက် ကိုဝင်းကိုကိုလတ် နဲ့ ကိုသီဟထွန်း တို့ ပေးပို့တာပါ။