ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ ပန်းသပိတ်လှုပ်ရှားမှု ပြုလုပ်မည်
2024.06.13

ဇွန်လ ၁၉ ရက်နေ့မှာ ကျရောက်မယ့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၉ နှစ်ပြည့်မွေးနေ့မှာ နိုင်ငံတစ်ဝန်း ပန်းသပိတ်လှုပ်ရှားမှု ပြုလုပ်ကြဖို့ သပိတ်အင်အားစုတွေက တိုက်တွန်းထားပါတယ်။
မွေးနေ့ရှင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင်၊ ဖမ်းဆီးခံထားရတဲ့ နိုင်ငံအရေးအကျဉ်းသားတွေအားလုံး လွတ်မြောက်ရေးနဲ့ အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်နေကြတဲ့ လူထုတစ်ရပ်လုံးကို ဂုဏ်ပြုဖို့အတွက် ရည်ရွယ်ပြုလုပ်တာလို့ သပိတ်အင်အားစုတွေက ပြောပါတယ်။
ရန်ကုန်သပိတ်လှုပ်ရှားမှုတွေမှာ ပါဝင်နေသူတစ်ဦးကတော့ ပန်းတွေနဲ့ အမြဲတွဲမြင်ရလေ့ရှိတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားအားလုံးအတွက် ဒီလှုပ်ရှားမှုမှာ ကိုယ်တိုင်ပါဝင်မယ်လို့ RFA ကို ပြောပါတယ်။
"အာဏာရှင်စနစ် ဆန့်ကျင်ရေး ယုံကြည်ချက်အပေါ်မှာ မယိမ်းမယိုင် မြဲမြံစွာ စွဲကိုင်ခဲ့သလို ပန်းနဲ့ အမြဲတွဲမြင်ရလေ့ရှိတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို “သံမဏိ နှင်းဆီ” လို ကမ္ဘာက ဂုဏ်ပြုညွှန်းဆိုလေ့ရှိပါတယ်။ ဒါကြောင့် လာမဲ့ ဇွန်လ ၁၉ ရက်နေ့မှာ ပန်းသပိတ် လှုပ်ရှားမှုကြီးမှာ ပါဝင်ဖို့ တိုက်တွန်းပါတယ်"
ပန်းသပိတ်လှုပ်ရှားမှုမှာ ပြည်သူတွေက ဘုရားပန်းတင်တာ၊ ပန်ဆင်တာနဲ့ မြေပြင်မှာလည်း ပန်းသပိတ်တွေလုပ်ဖို့ သပိတ်အင်အားစုတွေက တိုက်တွန်းပါတယ်။
၂၀၂၃ ခုနှစ် ဇွန်လ ၁၉ ရက်နေ့တုန်းကလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၈ နှစ်ပြည့်မွေးနေ့ကို နိုင်ငံတစ်ဝန်းပြည်သူတွေ ပန်းသပိတ်လူထုလှုပ်ရှားမှုအဖြစ် ပြုလုပ်ခဲ့ပါတယ်။
ဒီလိုလှုပ်ရှားမှုတွေကြောင့် ဧရာဝတီ၊ ရန်ကုန်နဲ့ စစ်ကိုင်းက အရပ်သား ၁၃၀ နီးပါးကို ပန်းသပိတ်မှာ ပါဝင်တယ်ဆိုပြီး စစ်ကောင်စီတပ်ဘက်က စွပ်စွဲ ဖမ်းဆီးခဲ့ပါတယ်။
အဲဒီတုန်းကတော့ ပန်းကိုင်ထားတဲ့ လမ်းသွားလမ်းလာတွေ၊ ပန်းပန်ထားသူတွေကို ဖမ်းဆီးခဲ့သလို လူမှုကွန်ရက်မှာ ဒေါ်အောင်ဆန်းစုကြည်အတွက် မွေးနေ့ဆုတောင်းပေးသူတွေကိုပါ ဖမ်းဆီးခဲ့တာပါ။
ဒီနှစ်မှာလည်း စစ်ကောင်စီတပ်က စောင့်ကြည့်ဖမ်းဆီးတာတွေ ရှိလာနိုင်တာကြောင့် ပန်းသပိတ်လှုပ်ရှားမှုမှာ ပါဝင်တဲ့သူတွေ လုံခြုံရေးသတိထားကြဖို့ သပိတ်အင်အားစုတွေက ပြောထားပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့ရဲ့ အသက် ၇၅ နှစ်ပြည့်မွေးနေ့ နောက်ပိုင်းကစလို့ မွေးနေ့ရက်တွေကို အကျဉ်းထောင်ထဲမှာ ဖြတ်သန်းနေရတာ သုံးနှစ်အထိရှိခဲ့ပြီး စစ်ကောင်စီက ဆက်လက်ဖမ်းဆီးထားတာကြောင့် ဒီနှစ်မွေးနေ့ကိုလည်း အကျဉ်းစံဘ၀နဲ့ပဲ ဆက်လက်ဖြတ်သန်းရမဲ့ အခြေအနေရှိနေပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်ကောင်စီစွပ်စွဲတဲ့ အမှု (၁၉) မှုအတွက် ထောင် (၃၃) နှစ်ကျခံခဲ့ရပြီး ၂၀၂၃ ခုနှစ်၊ သြဂုတ်လ ၁ ရက်မှာ အမှုငါးမှုအတွက် ခြောက်နှစ် လွတ်ငြိမ်းသက်သာခွင့် ရခဲ့တာကြောင့် လက်ရှိမှာ ထောင် (၂၇) နှစ် ဆက်လက် ကျခံနေရပါတယ်။