မတူတာတွေကို ညီလာခံ မှာ ဆွေးနွေးကြဖို့ တိုက်တွန်း
စစ်မှန်ခိုင်မာတဲ့ ပြည်ထောင်စု တည်ဆောက်မယ် ဆိုတဲ့ ဘုံသဘောတူညီချက်ရှိဖို့ လိုအပ်ပြီး မတူညီတဲ့ သဘောထားအမြင်အမျိုးမျိုးကို ညီလာခံမှာ ညှိနှိုင်းရ မှာဖြစ်တယ်လို့ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
-
2016-08-15 -
-
-
စစ်မှန်ခိုင်မာတဲ့ ပြည်ထောင်စုတည်ဆောက်မယ်ဆိုတဲ့ ဘုံသဘောတူညီချက်ရှိဖို့ လိုအပ်ပြီး မတူညီတဲ့ သဘော ထားအမြင်အမျိုးမျိုးကို ညီလာခံမှာ ညှိနှိုင်းရမှာဖြစ်တယ်လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က ပြောပါတယ်။
ဒီနေ့ နေပြည်တော် သင်္ဂဟဟိုတယ်မှာ ကျင်းပတဲ့ ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲ ကော်မတီ UPDJC အစည်းအဝေးမှာ UPDJC ဥက္ကဌ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောတာဖြစ်ပါတယ်။
ဒါ့အပြင် ပြည်ထောင်စုသားအားလုံးရဲ့ ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာ လိုအပ်ချက်တွေကို ဖြည့်ဆည်းနိုင်ဖို့ စဉ်းစားပေးရမှာဖြစ်သလို အတိတ်ဆိုးတွေကို ပယ်ဖျက်ပြီး အနာဂတ်မှာ ယုံယုံကြည်ကြည် ညီညီညွတ်ညွတ်နဲ့ ဘယ်လိုချီတက်ကြမလဲဆိုတာ ဝိုင်းဝန်းစဉ်းစားပေးကြဖို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က ဆွေးနွေးပွဲ တက်ရောက် လာသူတွေကို တိုက်တွန်းလိုက်ပါတယ်။
UPDJC အစည်းအဝေးကို နှစ်ရက်ကြာကျင်းပမှာဖြစ်ပြီး အစည်းအဝေးကနေ ၂၁ ရာစု ပင်လုံညီလာခံ ကျင်းပမယ့် နေ့ရက် အတည်ပြုတာ၊ ဖိတ်ကြားမယ့် အစီအစဉ်တွေ အတည်ပြုတာ၊ ညီလာခံမှာ ဆွေးနွေးမယ့် အစီအစဉ်တွေ အတည်ပြုတာနဲ့ ညီလာခံကျင်းပရေး ပူးတွဲကော်မတီ ဖွဲ့စည်းတာတွေကို အတည်ပြုမှာဖြစ်ပါတယ်။
အစည်းအဝေးကို အစိုးရဘက်က UPDJC ဒုတိယ ဥက္ကဌ ၁ ဦးကျော်တင့်ဆွေ၊ ဒုတိယဥက္ကဌ ၂ ဒေါက်တာ တင်မျိုးဝင်း၊ တိုင်းရင်းသား လက်နက်ကိုင် အစုအဖွဲ့နဲ့ နိုင်ငံရေးပါတီအစုအဖွဲ့ ကိုယ်စားလှယ်တွေ တက်ရောက်ကြပါတယ်။