UPDJC နိုင်ငံရေးပါတီများအစုအဖွဲ့က ဒေါက်တာ အေးမောင် နုတ်ထွက်

ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်တဲ့ အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) နဲ့ UPDJC နိုင်ငံရေးပါတီများ အစုအဖွဲ့တို့ မတ်လ ၆ ရက်နေ့က နေပြည်တော်မှာ တွေ့ဆုံခဲ့ကြပြီးနောက် UPDJC ကနေ နုတ်ထွက် လိုက်ကြောင်း ရခိုင့်ဦးဆောင်ပါတီ (AFP) ဥက္ကဋ္ဌ ဒေါက်တာ အေးမောင်က RFA ကို ဒီကနေ့ ပြောပါတယ်။
ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) နိုင်ငံရေးပါတီများ အစုအဖွဲ့ကို ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့်က နောက်ထပ် သက်တမ်းနှစ်လ တိုးပေး လိုက်ပေမယ့် ပါတီရဲ့ ဂုဏ်သိက္ခာအရ အခုလို နုတ်ထွက်လိုက်တာလို့ ဒေါက်တာ အေးမောင် က ပြောပါတယ်။
"UPDJC နိုင်ငံရေးပါတီများ အစုအဖွဲ့ကို ဗိုလ်ချုပ် ရာပြည့်က သက်တမ်းနှစ်လ ထပ်တိုးပေးတယ်။ ဒါက တရားမဝင်ဘူး။ ကျွန်တော်တို့ နိုင်ငံရေးပါတီအစုအဖွဲ့ကို ဗိုလ်ချုပ် ရာပြည့် က ဖွဲ့စည်းတာမဟုတ်ဘူး။ နိုင်ငံရေးပါတီ ၅၃ ပါတီက ဖွဲ့စည်းတာ ဖြစ်တယ်။ UPDJC သက်တမ်း အခု လေးလပြည့်သွားပြီ။ အသစ်ပြန်ဖွဲ့ရမယ်။ တချို့ပါတီတွေကလည်း သက်တမ်းတိုးဖို့ ပြောကြတာရှိတယ်။ ဒါပေမဲ့ ကျွန်တော် ကတော့ ကျွန်တော်တို့ပါတီ ဂုဏ်သိက္ခာအရ နုတ်ထွက်လိုက်တာပါ"
ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) နိုင်ငံရေးပါတီများ အစုအဖွဲ့ကို ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် နိုဝင်ဘာလက နိုင်ငံရေးပါတီ ၅၃ ပါတီက ပါတီ ကိုယ်စားလှယ် ၁၆ ဦးကို ရွေးချယ်ပြီး လေးလသက်တမ်းနဲ့ ယာယီ ဖွဲ့စည်းခဲ့တာပါ။
အာဏာမသိမ်းခင်တုန်းက ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) နိုင်ငံရေးပါတီများ အစုအဖွဲ့မှာ တိုင်းရင်းသားနဲ့ ပြည်မနိုင်ငံရေးပါတီပေါင်း ၉၃ ပါတီ ပါဝင်ခဲ့ပါတယ်။
အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်(SNLD)ပါတီ၊ ရခိုင် ဒီမိုကရေစီအဖွဲ့ချုပ်(ALD) ပါတီအပါအဝင် ပါတီပေါင်း ၄၀ ဟာ စစ်ကောင်စီလက်အောက်ခံ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်(UEC) ရဲ့ အစည်းအဝေးကို တက်ရောက်ခဲ့တာ မရှိပါဘူး။
ဒါကြောင့် UPDJC နိုင်ငံရေးပါတီများ အစုအဖွဲ့မှာ ၈၈ မျိုးဆက် ဒီမိုကရေစီပါတီ၊ အမျိုးသားနိုင်ငံရေး မဟာမိတ်များအဖွဲ့ချုပ်ပါတီ အပါအဝင် ပြည်မပါတီ ၇ ပါတီနဲ့ ရခိုင့်ဦးဆောင်ပါတီ(AFP)၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP)၊ လီဆူ အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ မွန်ညီညွတ်ရေးပါတီ၊ ကိုးကန့် ဒီမိုကရေစီနဲ့ ညီညွတ်ရေးပါတီ စတဲ့ တိုင်းရင်းသားပါတီ ကိုးခုက ပါတီကိုယ်စားလှယ် ၁၆ ဦးက တာဝန်ယူလုပ်ဆောင်နေတာ ဖြစ်တယ်လို့ သိရပါတယ်။