ရှမ်းနဲ့ရခိုင် နိုင်ငံရေးဆွေးနွေးပွဲတွေ နေရာပြောင်းကျင်းပဖို့ သဘောတူ

သီဟထွန်း
2020.03.12

ကျင်းပခွင့်မရတဲ့အတွက် ရှေ့မတိုးနိုင်ဘဲ ရပ်တန့်နေတဲ့ ရှမ်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်က အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေကို နေရာပြောင်းကျင်းပဖို့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အစိုးရကိုယ်စားလှယ် အဖွဲ့နဲ့ အပစ်ရပ်ထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်ခေါင်းဆောင်တွေအကြား ဒီနေ့ သဘောတူညီခဲ့ပါတယ်။

အမျိုးသားအဆင့် ဆွေးနွေးပွဲတွေကို လင်းခေးနဲ့ ရန်ကုန်မြို့တွေမှာကျင်းပဖို့  ဒီနေ့ နေပြည်တော်မှာကျင်းပတဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲ ကော်မတီ UPDJC အစည်းအဝေးမှာ သဘောတူခဲ့တယ်လို့ နိုင်ငံတော်အတိုင်ပင်ခံရုံးညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ဒီနေ့ အစည်းအဝေးအပြီးမှာ သတင်းထောက်တွေကို ပြောပါတယ်။

"CSS အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲနဲ့ ပတ်သက်လို့ ခြောက်ကြိမ်မြောက် JICM ဆုံးဖြတ်ချက်အတိုင်း ဆက်လက်ဆောင်ရွက်ဖို့ ဆုံးဖြတ်တယ်။ လင်းခေးမှာလုပ်ဖို့ ။ ကျနော်တို့ ဒီနေ့ ဆွေးနွေးတာက Timing ပေါ့နော်။ ရခိုင်ကတော့ ထုံးစံအတိုင်း အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲဆိုတာ ရခိုင်ပြည်နယ်မှာကျင်းပဖို့က အခက်အခဲရှိတယ်။ အဲတော့ သူ့ကိုတော့ အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲ မဟုတ်ဘဲနဲ့ တစ်နည်းတစ်ဖုံအားဖြင့်ပေါ့ ၊ ဥပမာ ရန်ကုန်လိုနေရာမျိုးမှာ ဆွေးနွေးပွဲတို့၊ တွေ့ဆုံပွဲပုံစံမျိုး သဘောလုပ်ဖို့တော့ ကျနော်တို့ ညှိုနှိုင်းထားပြီး ဖြစ်ပါတယ်။"

ဒီနေ့ဆွေးနွေးပွဲမှာ UPDJC ဥက္ကဋ္ဌလည်းဖြစ်တဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ငြိမ်းချမ်း ရေးကြိုးပမ်းနေကြတဲ့အဖွဲ့တွေရဲ့ လိုလားချက်တွေအားလုံး ရာနှုန်းပြည့် မရနိုင်ဘူးဆိုတာကို သတိပြုကြဖို့  အဖွင့်မိန့်ခွန်းမှာ သတိပေးခဲ့ပါတယ်။  ငြိမ်းချမ်းရေးဆွေးနွေးတဲ့အခါ အပေးအယူလိုအလျှော့အတင်းလုပ်ရဲဖို့နဲ့ အပေးအယူလုပ်နိုင်အောင်လည်း ကြိုးစားကြဖို့ ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းပါတယ်။

"ငြိမ်းချမ်းရေးဖြစ်စဉ်ကို ပျက်ပြားစေချင်ရင် နှောင့်နှေးစေချင်ရင် ပါဝင်တဲ့အထဲက အစုအဖွဲ့တစ်ဖွဲ့က ဖန်တီး ဖျက်ဆီးနိုင်ပေမယ့် ဒီဖြစ်စဉ်အောင်မြင်ဖို့ ဆိုလို့ရှိရင် ပါဝင်သူ အစုအဖွဲ့အားလုံးက ပူးပေါင်းဆောင်ရွက်မှသာ အောင်မြင်နိုင်မှာ ဖြစ်ပါတယ်။ အစုအဖွဲ့တစ်ဖွဲ့အနေနဲ့ ကိုယ့်ရဲ့လိုလားချက်တွေကို ရာနှုန်းပြည့်ရနိုင်မှာ မဟုတ် ဘူးဆိုတာ သတိချပ်စေချင်ပါတယ်။ ရာနှုန်းပြည့်တစ်ရာ ရာခိုင်နှုန်း လိုချင်တာရမှ ပူးပေါင်းဆောင်ရွက်မယ်ဆိုတဲ့ ခံယူချက်မျိုးနဲ့ စေ့စပ်ညှိုနှိုင်းလို့ ရနိုင်မှာ မဟုတ်ပါဘူး။ အပေးအယူအလျှော့အတင်းလုပ်ရဲမှသာ နိုင်ငံရေး စားပွဲဝိုင်းထဲဝင်ဖို့ သင့်လျော်မှာဖြစ်သလို နိုင်ငံရေးစားပွဲဝိုင်းထဲဝင်ထိုင်ပြီးမှတော့ အပေးအယူ အလျှော့အတင်း လုပ်နိုင်အောင် ကြိုးစားဖို့ပဲဖြစ်ပါတယ်။"

တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ ပြဿနာတွေဖြစ်လာရင် စားပွဲဝိုင်းမှာဆွေးနွေးကြဖို့၊ သေနတ်ပစ်တာထက် စာပွဲဝိုင်းမှာ ဆွေးနွေးတာက ပိုကောင်းပါတယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

အစိုးရ၊ တပ်မတော်၊ နိုင်ငံရေးပါတီ အစုအဖွဲ့၊ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ အပစ်ရပ်တိုင်းရင်းသား လက်နက် ကိုင်အဖွဲ့တွေပါဝင်တဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ UPDJC အစည်းအဝေးကို မကျင်းပ နိုင်ခဲ့တာ နှစ်နှစ်နီးပါးရှိနေပြီဖြစ်ပါတယ်။

ဒီနေ့ အစည်းအဝေးကို ဒေါ်အောင်ဆန်းစုကြည်အပါအဝင် တက်ရောက်လာတဲ့ အစုအဖွဲ့အသီးသီးက ခေါင်းဆောင်တွေက အောင်မြင်တယ်လို့ မှတ်ချက်ပေးကြပါတယ်။ အစည်းအဝေးကို တပ်မတော်ဘက်က ကိုယ်စားလှယ်တွေ တက်ရောက်ခဲပေမယ့် တပ်မတော်ရဲ့ သဘောထားကိုတော့ တစ်စုံတစ်ရာ မေးမြန်းခွင့် မရခဲ့ပါဘူး။  

စတုတ္ထအကြိမ်မြောက် ၂၁ ရာစုပင်လုံညီလာခံကို ဧပြီလမကုန်ခင်မှာကျင်းပဖို့ အစိုးရနဲ့ တိုင်းရင်းသား ခေါင်းဆောင်တွေက ပြီးခဲ့တဲ့လပိုင်းတွေအတွင်းကျင်းပတဲ့ JICM အစည်းအဝေးမှာ သဘောတူညီခဲ့ကြပါတယ်။

ချင်းအမျိုးသားတပ်ဦး CNF က ခေါင်းဆောင်တစ်ဦးဖြစ်သူ၊ UPDJC ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာ ဆလိုင်း လျန်မှုန်းဆာခေါင်းက ကပ်ရောဂါအဖြစ် ကြေညာထားတဲ့ ကိုရိုနာဗိုင်းရပ်စ် နဲ့ ပတ်သက်ပြီး စိုးရိမ်စရာ မရှိရင် စီစဉ်ထားတဲ့အတိုင်း ကျင်းပနိုင်မယ်လို့ ပြောပါတယ်။

"ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ စတုတ္ထအစည်းအဝေးကို ဧပြီလမကုန်ခင်မှာကျင်းပမယ်ဆိုပြီး ကျနော်တို့ ဆုံးဖြတ်ထားတာရှိပါတယ်။ အဲဒီအတိုင်းဆောင်ရွက်နိုင်ဖို့ လုပ်ငန်းကော်မတီတွေကတဆင့်ပြီးတဆင့် ဆောင်ရွက်တာက တော်တော်လေး အောင်မြင်တဲ့ အခြေအနေမှာ ရောက်တယ်။ အကယ်လို့သာ ခုဖြစ်ပွားနေတဲ့ ကပ်ရောဂါပေါ့နော် ကိုရိုနာဗိုင်းရပ်စ်ကိစ္စသာ မရှိဘူးဆိုရင်တော့ ကျနော်တို့ မျှော်လင့်တဲ့အတိုင်းဆောင်ရွက် နိုင်မယ်လို့ မျှော်လင့်ပါတယ်။ သို့သော် အဲဒီရောဂါအခြေအနေက တော်တော်လေး ဆိုးရွားလာတဲ့အတွက် အဲဒီ ဟာကျနော်တို့ကို အနှောင့်အယှက်ဖြစ်နေမလား၊ အခက်အခဲဖြစ်စေမလားဆို ကျနော့်အနေနဲ့လည်း မပြော နိုင်ဘူး။"

၂၀၁၈ ခုနှစ် ဇူလိုင်လမှာကျင်းပခဲ့တဲ့ တတိယအကြိမ်မြောက် ၂၁ ရာစုပင်လုံညီလာခံမှာ ပြည်ထောင်စု သဘောတူညီချက် ၁၄ ချက်ရခဲ့ပေမယ့် ပြည်နယ်တွေ ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ဆိုင်တဲ့ ကိစ္စ၊ DDR/ SSR လို့ခေါ်တဲ့ လုံခြုံရေးဆိုင်ရာ ပြန်လည်ပေါင်းစည်းတဲ့ကိစ္စ၊ ပြည်ထောင်စုက ခွဲမထွက်ရေး၊ တစ်ခုတည်းသော တပ်မတော်စတဲ့ အရေးကြီးတဲ့ကိစ္စတွေကို ပြီးပြတ်အောင် မဆွေးနွေးနိုင်ခဲ့ပါဘူး။   

ဒေါက်တာဆလိုင်းလျန်မှုန်းဆာခေါင်းက UPDJC က ဦးဆောင်ကျင်းပတဲ့ ၂၁ ရာစုပင်လုံညီလာခံဟာ ဥပဒေပြု လွှတ်တော် မဟုတ်သလို၊ လူထုဆန္ဒတွေကို ဖော်ထုတ်တဲ့ လူထုဟစ်တိုင်လည်းမဟုတ်တဲ့အတွက် ငြိမ်းချမ်းရေး ဖော်ဆောင်နိုင်ဖို့သာ ဦးစားပေး ဆောင်ရွက်ရမယ်လို့ ပြောပါတယ်။ ဒီဆွေးနွေးချက်ကို နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ကလည်း သဘောတူတယ်လို့ ပြောပါတယ်။

အမျိုးသားအဆင့်နိုင်ငံရေး ဆွေးနွေးပွဲတွေနဲ့ ၂၁ ရာစုပင်လုံကို ပုံမှန်အတိုင်းဆက်လက်ကျင်းပနိုင်ဖို့က ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ကပ်ရောဂါအဖြစ် ကြေညာထားတဲ့ ကိုရိုနာဗိုင်းရပ်စ် အခြေအနေပေါ်မှာ အများကြီးမူတည်နေတယ်လို့ ဒီနေ့ ဆွေးနွေးပွဲကို တက်ရောက်လာသူတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။