NCA မှာ လက်မှတ်ထိုးဖို့ ကျန်နေတဲ့အဖွဲ့တွေ အချိန်မဆွဲကြ ဖို့ နိုင်ငံတော်အတိုင်ပင်ခံ ပြော
တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး သဘော တူစာချုပ် NCA မှာ လက်မှတ်ရေးထိုးဖို့ ကျန်နေတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေအနေနဲ့ အချိန်မဆွဲကြ ဖို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင် ဆန်းစုကြည်က ပြောလိုက်ပါတယ်။
-
2016-10-28 -
-
-
တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး သဘောတူစာချုပ် NCA မှာ လက်မှတ်ရေးထိုးဖို့ ကျန်နေတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေအနေနဲ့ အချိန်မဆွဲကြဖို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က ပြောလိုက်ပါတယ်။
ဒီနေ့ နေပြည်တော် သင်္ဂဟဟိုတယ်မှာ ကျင်းပတဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ အစည်းအဝေးမှာ UPDJC ဥက္ကဌ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်တာဖြစ် ပါတယ်။
ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ဒုတိယပင်လုံကို လာမယ့် ဖေဖော်ဝါရီလထဲမှာ ကျင်းပသွားမှာဖြစ်ကြောင်း လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
လက်မှတ်မထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေအနေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ ပါဝင်ဖို့ အားလုံးက ဝိုင်းဝန်းလုပ်ဆောင်ကြဖို့နဲ့ အဲဒီလက်နက်ကိုင်အဖွဲ့တွေကလည်း လက်မှတ်ရေးထိုးဖို့ စိတ်အားထက်သန်ဖို့ လိုအပ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းခဲ့ပါတယ်။
အမျိုးသားအဆင့် ဆွေးနွေးပွဲတွေကို တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ လုပ်နိုင်ဖို့ အခက်အခဲရှိတာကြောင့် ကနဦး စမ်းသပ်တဲ့အနေနဲ့ တချို့ဒေသတွေမှာ နိုဝင်ဘာလထဲမှာ လုပ်ဆောင်ကြဖို့လိုကြောင်းလည်း ဒေါ်အောင်ဆန်း စုကြည်က ပြောပါတယ်။
ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ UPDJC အစည်းအဝေးကို မနက်ဖြန် ဆက်လက်ကျင်းပ မှာဖြစ်ပါတယ်။