ဖမ်းဆီးခံရသူတွေ ပြန်လွှတ်တာ နိုင်ငံရေးကစားကွက်အဖြစ် လေ့လာသူတွေ သတိပေး

နန္ဒာချမ်း (ဝါရှင်တန်ဒီစီ)
2021.03.24

ဆန္ဒပြသူတွေကို ပြန်လွှတ်တာဟာ ကြိုဆိုရမယ့် ကိစ္စဖြစ်ပေမယ့် အပြစ်မရှိသူတွေ ဖမ်းဆီးထားရာက ပြန်လွှတ်ပေးတယ်ဆိုတာ နိုင်ငံရေး ကစားကွက်တစ်ခုပဲဖြစ်တယ်လို့ မြန်မာ့ရေးလေ့လာသူတွေက သတိပေးလိုက်ပါတယ်။

မြန်မာနိုင်ငံမှာ အာဏာသိမ်းပြီးနောက်ပိုင်း ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေအပေါ် အကြမ်းဖက်ဖြိုခွင်းချိန် ဖမ်းဆီးခံခဲ့ရသူတွေထဲက ၆ဝဝ ကျော်ကို ရန်ကုန် အင်းစိန်ထောင်ကနေ ဒီကနေ့ ပြန်လွှတ်ပေးလိုက်ပါတယ်။

ဒါဟာ ပြန်လွတ်လာသူတွေအတွက်ရော၊ မိသားစုတွေနဲ့ မိတ်ဆွေသူငယ်ချင်းတွေအားလုံးအတွက် သိပ်ကို ဝမ်းသာစရာသတင်း၊ ကြိုဆိုရမယ့် လက္ခာဏာတစ်ခုဆိုပေမဲ့၊ မြန်မာစစ်တပ်က လုပ်လေ့လုပ်ထရှိတဲ့ ထောင်ချောက်တစ်ခုလည်း ဖြစ်တယ်လို့ လူ့အခွင့်အရေးနဲ့ မြန်မာ့အရေးကျွမ်းကျင်သူ David Mathieson က ပြောလိုက်ပါတယ်။

“လွန်ခဲ့တဲ့ နှစ် ၃ဝ ကျော်ကတည်းက ဒါမျိုး ကျနော်တို့ မြင်ခဲ့ဖူးပါတယ်။ စစ်တပ်က တကယ်တော့ အကျဉ်းသားတွေကို အရောင်းအဝယ် လုပ်စရာ ပစ္စည်းလို အသုံးချနေတာပါ။ အခုလည်း အဖမ်းခံထားရတဲ့သူတွေထဲက ၆ဝဝ ကျော်ကို ပြန်လွှတ်ပေးလိုက်တယ်။ ဒါကို အနောက်နိုင်ငံက လူတွေက မှန်ကန်တဲ့လုပ်ရပ်လို့ ပြောပါလိမ့်မယ်။ ဒါဟာ ထောင်ချောက်တစ်ခုပါ။ မြန်မာပြည်သူတွေ ဒီထောင်ချောက်ထဲ ကျသွားလိမ့်မယ်လို့တော့ ကျနော် မထင်ပါဘူး။ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) နဲ့ တခြားသူတွေ ပြောနေတာကို နားထောင်ကြည့်မယ်ဆိုရင် ဒါဟာ ဟိုးအရင်ကတည်းက အကြိမ်ပေါင်းများစွာ ကျနော်တို့ မြင်ခဲ့ဖူးတဲ့ ထောင်ချောက်တစ်ခုပါ။ အခု ပြန်လွှတ်ပေးလိုက်တယ်ဆိုတဲ့သူတွေကလည်း အမှားလုပ်ခဲ့ကြတဲ့သူတွေ မဟုတ်ပါဘူး။ သူတို့ရဲ့အခွင့်အရေးနဲ့အညီ ဆန္ဒပြနေကြသူတွေပါ။”

ဒီကနေ့ ပြန်လွတ်လာသူ ၆ဝဝ ကျော်ထဲမှာ စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲတွေကို သတင်းယူရင်း ဖမ်းဆီးခံခဲ့ရတဲ့ သတင်းထောက်တချို့လည်း ပါဝင်ခဲ့ပါတယ်။ ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းပြီးနောက် ဖမ်းဆီးခံရတာ ဒါမှမဟုတ် တရားစွဲဆိုခံထားရတဲ့ သတင်းထောက် ၄ဝ လောက် ရှိနေတာပါ။

နိုင်ငံတဝန်းမှာလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက အကြမ်းဖက်ပစ်ခတ် ဖမ်းဆီးမှုတွေ ဆက်လုပ်နေပြီး၊ သေဆုံးသူတွေလည်း နေ့စဉ် တိုးလာနေတာပါ။

RFA က သီးသန့်ပြုစုထားတဲ့စာရင်းအရ ဖေဖော်ဝါရီ ၁ ရက်နေ့ကနေ မတ်လ ၂၄ ရက်နေ့ကအထိ သေဆုံးသူ ၂၆ဝ နီးပါးရှိပြီး၊ ဖမ်းဆီးတရားစွဲဆို ပြစ်ဒဏ်ချမှတ်ခံထားရသူပေါင်း ၂၄ဝဝ ကျော်ရှိပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။