မြန်မာစစ်ခေါင်းဆောင်တွေကို EU နဲ့ အမေရိကန် ပိတ်ဆို့အရေးယူ

2021.03.22
မြန်မာစစ်ခေါင်းဆောင်တွေကို EU နဲ့ အမေရိကန် ပိတ်ဆို့အရေးယူ ၂ဝ၂၁ ခုနှစ် မတ်လ ၂ဝ ရက်နေ့က အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီမြို့တော်မှာ ပြုလုပ်တဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲတွင် ပါဝင်သူတဦး။
Photo: RFA

မြန်မာနိုင်ငံက စစ်အာဏာသိမ်းမှုနဲ့ ဆန္ဒပြသူတွေကို ချေမှုန်းနှိပ်ကွပ်မှုတွေမှာ တာဝန်ရှိတဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ စစ်ခေါင်းဆောင် ၁၀ ဦးအပြင် စစ်ကောင်စီက ဖွဲ့စည်းတဲ့ ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌသစ် အပါအဝင် ၁၁ ဦးကို ပိတ်ဆို့အရေးယူတွေ ချမှတ်လိုက်တယ်လို့ ဥရောပသမဂ္ဂ(European Union) က မတ်လ ၂၂ ရက်နေ့စွဲနဲ့ သတင်းထုတ်ပြန်လိုက်ပါတယ်။

ဒီပုဂ္ဂိုလ် ၁၁ ဦးကို ဥရောပသမဂ္ဂ နယ်နိမိတ်အတွင်း ခရီးသွားလာခွင့်၊ ဖြတ်သန်းခွင့် ပိတ်ပင်တာအပြင် သူတို့ရဲ့ ငွေကြေးနဲ့ စီးပွားရေးဆိုင်ရာ ပိုင်ဆိုင်မှုတွေကိုပါ ထိန်းချုပ်လိုက်တာ ဖြစ်ပါတယ်။ ဒ့ါပြင် ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတွေရဲ့ နိုင်ငံသားတွေ၊ ကုမ္ပဏီတွေအနေနဲ့ ဒီပုဂ္ဂိုလ် ၁၁ ဦး အပါအဝင် သူတို့နဲ့ ပတ်သက်ဆက်စပ်နေတဲ့ စီးပွားရေးလုပ်ငန်းတွေကို ငွေကြေးလွှဲပြောင်းမှု အားလုံးကိုပါ တားမြစ်လိုက်ပါတယ်။

ဉရောပသမဂ္ဂ အနေနဲ့ မြန်မာစစ်တပ်ပိုင် စီးပွားရေးလုပ်ငန်းတွေနဲ့ ပတ်သက်ပြီး နောက်ထပ် အရေးယူကန့်သတ်မယ့် မူဝါဒအားလုံးကို ဆက်လက်သုံးသပ်သွားမယ် လို့လည်း ဆိုပါတယ်။

EU က အခု ပိတ်ဆို့အရေးယူလိုက်တဲ့ ပုဂ္ဂိုလ် ၁၁ ဦးကတော့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒုသမ္မတ ဗိုလ်ချုပ်ကြီးမြင့်ဆွေ၊ ဒု- ဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ဒု- ဗိုလ်ချုပ်ကြီး စိန်ဝင်း၊ ရွေးကောက်ပွဲကော်မရှင်သစ် ဥက္ကဌ ဦးသိန်းစိုး၊ ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ဒု-ဗိုလ်ချုပ်ကြီး အောင်လင်းဒွေး၊ ဒု-ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ဗိုလ်ချုပ်ကြီးမောင်မောင်ကျော်၊ ဒု-ဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်း၊ ဒု-ဗိုလ်ချုပ်ကြီး သန်းလှိုင် တို့ ဖြစ်ပါတယ်။

တချိန်တည်းမှာပဲ ဆန္ဒပြသူတွေကို အင်အားသုံးဖြိုခွဲရာမှာ တာဝန်ရှိတဲ့ အာဏာသိမ်းစစ်ကောင်စီရဲ့ ရဲချုပ် ဒု-ဗိုလ်ချုပ်ကြီးအောင်စိုးနဲ့ စစ်ဆင်ရေးအထူးအဖွဲ့မှူး ဒု-ဗိုလ်ချုပ်ကြီး သန်းလှိုင်တို့ နှစ်ဦးကို အမေရိကန် ပြည်ထောင်စုရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုစာရင်းမှာ ထည့်သွင်းအရေးယူလိုက်တယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက မတ်လ ၂၂ ရက်နေ့မှာ ထုတ်ပြန်ကြေညာလိုက်ပါတယ်။

ဒါ့ပြင် ဆန္ဒပြသူတွေကို အင်အားသုံးဖြိုခွဲရာမှာ ပါဝင်တဲ့ စစ်ကိုင်း အခြေစိုက် တပ်မ (၃၃) နဲ့ ပဲခူးအခြေစိုက် တပ်မ (၇၇) တို့ကိုလည်း အရေးယူမှုစာရင်းမှာ ထည့်သွင်းလိုက်ပါတယ်။ မန္တလေးမြို့မှာ ဆန္ဒပြလူထုကို ကျည်အစစ်တွေသုံးပြီး ပစ်ခတ်ခဲ့မှုမှာ ခြေမြန်တပ်မ (၃၃) အဖွဲ့ဝင်တွေ ပါဝင်သလို၊ တပ်မ (၃၃) နဲ့ (၇၇) နှစ်ခုလုံးဟာ ဆန္ဒပြသူတွေကို အင်အားသုံး ဖြိုခွဲဖို့အတွက် ကြိုတင်စီစဉ်ပြီး စနစ်တကျ ဗျူဟာချ လုပ်ဆောင်ခဲ့တဲ့ အထဲမှာ ပါဝင်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

အခု အရေးယူပိတ်ဆို့မှုဟာ ဒီအကြမ်းဖက်မှုတွေကို လက်ပိုက်ကြည့်မနေဘဲ အရေးယူဆောင်ရွက်သွားမှာကို ပြသနေပါတယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။