အီးယူရဲ့ စစ်ကောင်စီကို ဒဏ်ခတ်မှုမထိရောက်ဟု ဝေဖန်

ရဲခေါင်မြင့်မောင်(ဝါရှင်တန်ဒီစီ)
2021.03.22

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းလိုက်တာနဲ့ဆန္ဒပြ လှုပ်ရှားသူတွေကို အကြမ်းဖက် ဖြိုခွင်းမှုတွေအတွက် တာဝန်ရှိတဲ့ ထိပ်ပိုင်းစစ်ခေါင်းဆောင် ၁၁ဦးကို ပိတ်ဆို့အရေးယူမှုတွေ ပြုလုပ်မယ့် အကြောင်း ဥရောပသမဂ္ဂ(အီးယူ) အဖွဲ့က မနေ့က ကြေညာလိုက်ပါတယ်။ ယူကေနိုင်ငံမှာ အခြေစိုက်ပြီး မြန်မာနိုင်ငံအရေး လှုပ်ရှားနေတဲ့ Burma Campaign UK အဖွဲ့ကတော့ အီးယူရဲ့ ပိတ်ဆို့အရေးယူမှုတွေဟာ ထိရောက်မှု မရှိဘူးလို့ ဝေဖန် ပြောဆိုလိုက်ပါတယ်။

မတ်လ ၂၂ရက်နေ့က ဥရောပသမဂ္ဂ အဖွဲ့ရဲ့ ထုတ်ပြန်ကြေညာချက်အရ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ဒုတိယကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီးစိုးဝင်းတို့ အပါအဝင် တပ်မတော်ခေါင်းဆောင် ၁၀ ဦးနဲ့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် UEC ဥက္ကဋ္ဌအသစ် ဦးသိန်းစိုးတို့ကို ဥရောပ သမဂ္ဂရဲ့ ပိတ်ဆို့အရေးယူမှု စာရင်းထဲမှ ထည့်သွင်းလိုက်တာဖြစ်ပါတယ်။

ဒီအထဲက တပ်မတော်ခေါင်းဆောင်တွေဟာ အာဏာသိမ်းဆန့်ကျင်ရေးဆန္ဒပြသူတွေကို ဖိနှိပ်မှုတွေနဲ့ အလွန်အကျွံ အင်အားသုံး ဖြိုခွင်းမှုတွေအတွက် တာဝန်ရှိပြီး၊ UECဥက္ကဋ္ဌ ဦးသိန်းစိုးဟာလည်း ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲ ရလဒ်ကို ပယ်ဖျက်ရာမှာ အဓိကတာဝန်ရှိသူဖြစ်တယ်လို့ ဥရောပသမဂ္ဂ ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းမှုနဲ့ ဆန္ဒပြလှုပ်ရှားသူတွေကို ဖိနှိပ်မှုတွေ လုပ်ရာမှာပါဝင်သူ ၁၁ ဦးကို ပိတ်ဆို့အရေးယူမှု စာရင်းထဲမှာ ထည့်သွင်းလိုက်တဲ့အကြောင်း ဥရောပသမဂ္ဂရဲ့ နိုင်ငံခြားရေးရာမူဝါဒဌာန အကြီးအကဲ ဂျိုဆက် ဘော်ရဲလ်က သတင်းမီဒီယာတွေကို ပြောသွားတာပါ။

အီးယူရဲ့ ကြေညာချက်အရ ဒီစာရင်းထဲမှာ ပါဝင်တဲ့သူ ၁၁ဦးကို အီးယူနိုင်ငံတွေ ကို ခရီးသွားလာခွင့်နဲ့ ဖြတ်သန်းသွားလာခွင့်တွေ ပိတ်ပင်သွားမှာ ဖြစ်ပြီး၊ အီးယူနိုင်ငံတွေထဲက သူတို့ရဲ့ ပိုင်ဆိုင်မှု ပစ္စည်းတွေကိုလည်း ထိန်းချုပ်ထားမှာ ဖြစ်ပါတယ်။

အခု ချမှတ်လိုက်တဲ့ ပိတ်ဆို့အရေးယူမှုတွေအပြင်၊ မြန်မာအစိုးရကို ဥရောပသမဂ္ဂက ပေးအပ်နေတဲ့ ငွေကြေး အထောက်အပံ့တွေနဲ့ လက်ရှိ အာဏာသိမ်းစစ်ကောင်စီကို တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုရာရောက်မယ့် လုပ်ဆောင်ချက်လည်း အားလုံးကို ရပ်တန့်ထားမယ်လို့လည်း ကြေညာချက်မှာပါရှိပါတယ်။

ယူကေနိုင်ငံအခြေစိုက် မြန်မာ့အရေးလှုပ်ရှားမှုအဖွဲ့ Burma Campaign UK က Mark Farmaner ကတော့ အခု အီးယူအဖွဲ့က ချမှတ်လိုက်တဲ့ ပိတ်ဆို့ အရေးယူမှုတွေဟာ မြန်မာစစ်ခေါင်းဆောင်တွေကို ဥရောပအားလပ်ရက် ခရီးသွားလို့မရအောင် တားဆီးတဲ့သဘောသာ ရှိပြီး ထိရောက်မှုမရှိဘူးလို့ ဝေဖန်ပြောဆိုလိုက်ပါတယ်။

“ကျွန်တော်တို့ အဖွဲ့အနေနဲ့ မြန်မာ့အရေးကို နိုင်ငံတကာရာဇဝတ်မှုတရားရုံး ICC မှာ ကြားနာစစ်ဆေးဖို့နဲ့မြန်မာ စစ်တပ်ကို လက်နက်ရောင်းချမှု ပိတ်ပင်တဲ့နေရာမှာ အခြားနိုင်ငံတွေ ပါဝင်လာအောင် စည်းရုံးဖို့ တောင်းဆိုခဲ့တာ ကြာပါပြီ။ မနေ့က ကြေညာချက်အရဆိုရင် မြန်မာစစ်ခေါင်းဆောင် ၁၁ဦးကို အီးယူနိုင်ငံတွေကို အားလပ်ရက် ခရီးထွက်လို့ မရအောင် ဗီဇာပိတ်လိုက်တဲ့ သဘောပဲ ရှိပါတယ်။ ထိရောက်မှုမရှိပါဘူး။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ အခြား စစ်ခေါင်းဆောင်တွေကို ဗီဇာပိတ်လိုက်တာကြောင့် ငြိမ်းချမ်းစွာ ဆန္ဒပြ ပြည်သူတွေကို ပစ်သတ်တာနဲ့ အခြား လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျူးလွန်တာတွေကို ရပ်တန့်အောင် မလုပ်နိုင်ပါဘူး”

ဥရောပသမဂ္ဂအဖွဲ့အနေနဲ့ မြန်မာ စစ်တပ်ရဲ့ ကြီးမားတဲ့ ဝင်ငွေရင်းမြစ်တစ်ခုဖြစ်တဲ့ ရေနံ နဲ့ သဘာဝဓတ်ငွေ့ လုပ်ငန်းတွေက ရနေတဲ့ အမြတ်ငွေတွေကို မြန်မာစစ်တပ်က ထုတ်ယူအသုံးပြုခွင့်မပေးပဲ ထိန်းသိမ်းထားဖို့ လုပ်ဆောင် သင့်တယ်လို့ Mark Framner က ပြောပါတယ်။

“အီးယူ အဖွဲ့အနေနဲ့ ပထမဆုံး လုပ်သင့်တာက ဥရောပကုမ္ပဏီတွေကို မြန်မာ စစ်တပ်နဲ့ ပူးပေါင်းပြီး စီးပွားရေး လုပ်လို့ မရအောင် တားဆီးပေးဖို့ပါ။ မြန်မာစစ်တပ်နဲ့ ပူးပေါင်းပြီး စီးပွားရေး လုပ်နေတဲ့ နိုင်ငံတကာ ကုမ္ပဏီ စာရင်းကို ကျွန်တော်တို့ Burma Campaign UK အဖွဲ့က ထုတ်ပြန်ထားတာ ရှိပါတယ်။ ဒီအထဲမှာမြန်မာ စစ်တပ် က ဝင်ငွေရှာတဲ့ လုပ်ငန်းတွေမှာ ဝန်ဆောင်မှု ပေးနေတဲ့ ဥရောပက ကုမ္ပဏီ ၂၂ ခု ရှိနေတာ တွေ့ရပါတယ်"

“မြန်မာစစ်တပ်အတွက် ဝင်ငွေဒေါ်လာသန်းပေါင်းများစွာ ရှာဖွေပေးနေတဲ့ ရတနာ နဲ့ ရဲတံခွန်လို ရေနံ နဲ့ သဘာ၀ ဓါတ်ငွေ့ လုပ်ငန်း စီမံကိန်းတွေကို Total နဲ့ Cheveron လို နိုင်ငံတကာကုမ္ပဏီတွေက ဦးစီးပြီးလုပ်ကိုင်နေတာပါ။ ဒီလုပ်ငန်းတွေက ရတဲ့ ဘဏ္ဍာငွေတွေကို မြန်မာ စစ်တပ်ဆီ ရောက်မသွားအောင် တားဆီးဖို့ အီးယူဟာ အမေရိကန်နိုင်ငံနဲ့ ပူးပေါင်း လုပ်ဆောင်သင့်ပါတယ်။ ဒီရေနံကုမ္ပဏီတွေအနေနဲ့ ကမ်းလွန်ရေနံက ရတဲ့ ဝင်တွေတွေကို မြန်မာ စစ်တပ်ကို လွှဲပြောင်းမပေးပဲ နိုင်ငံတကာ ဘဏ်တွေထဲမှာပဲ ပြန်ထုတ်လို့မရအောင် ထိန်းချုပ်ထားပြီး အကူအညီပေးဖို့ လိုပါတယ်။”

ဥရောပသမဂ္ဂဟာ မြန်မာစစ်တပ်ကို လက်နက်မရောင်းချဖို့ စစ်တပ်နဲ့ နယ်စပ်လုံခြုံရေးတပ်ဖွဲ့တွေမှာ သုံးလို့ ရနိုင်တယ့် နည်းပညာနဲ့ ဆက်သွယ်ရေးပစ္စည်းတွေ တင်ပို့ရောင်းချတာကို တားမြစ်ဖို့နဲ့ မြန်မာစစ်တပ်နဲ့ စစ်ရေး ပူးပေါင်းဆောင်ရွက်မှုတွေ မလုပ်ဖို့ တားမြစ်ချက်တွေ ရှိပြီးဖြစ်ပါတယ်။ ဒါ့အပြင် ၂၀၁၇ ခုနှစ်က ရိုဟင်ဂျာ အရပ်သားတွေကို သတ်ဖြတ်မှုတွေအတွက် တာဝန်ရှိသူ ၁၄ဦးကို လည်း ပိတ်ဆို့အရေးယူမှု စာရင်းထဲမှာ ထည့်ထားပြီး ဖြစ်တဲ့အတွက် အခုအချိန်မှာ အီးယူရဲ့ ပစ်မှတ်ထား ပိတ်ဆို့အရေးယူမှု ခံရသူ စုစုပေါင်း ၂၅ဦး ရှိသွားပြီ ဖြစ်ပါတယ်။

တချိန်တည်းမှာပဲ အမေရိကန်အစိုးရရဲ့ ပစ်မှတ်ထားပိတ်ဆို့အရေးယူတဲ့ စာရင်းထဲမှာ ပြည်ထဲရေးဝန်ကြီးဌာန ဒုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး သန်းလှိုင်၊ ဒုတိယ ဗိုလ်ချုပ်ကြီး အောင်စိုး နဲ့ မြန်မာ စစ်တပ်ရဲ့ တပ်မ ၃၃ နဲ့ ၇၇ ယူနစ်တွေကို ထပ်ပြီး ထည့်သွင်းလိုက်တဲ့အကြောင်း မနေ့က အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တီနီ ဘလင်ကန်က ကြေညာခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။