လယ်သမားကဏ္ဍ နှီးနှောဖလှယ်ပွဲ မိတ္ထီလာမှာ ကျင်းပ
2013.05.12
တောင်သူလယ်သမားအရေး ဆောင်ရွက်ပေးနေတဲ့ အဖွဲ့အစည်း ၂၅ ဖွဲ့နဲ့ တောင်သူလယ်သမား ၂၀၀ ကျော်တို့ဟာ လယ်သမားကဏ္ဍ နှီးနှောဖလှယ်ပွဲတရပ်ကို ဒီကနေ့မိတ္ထီလာမြို့မှာ ကျင်းပခဲ့ပါတယ်။
ဒီအခမ်းအနားမှာ တောင်သူတွေရဲ့ အခွင့်အရေးတွေနဲ့ ပတ်သက်ပြီး သဘောတူညီချက် ၉ ချက်ရရှိခဲ့တယ်လို့ ဦးဆောင်စီစဉ်တဲ့ မိတ္ထီလာပြည်သူ့အကျိုးဆောင်ကွန်ရက် တာဝန်ခံ ဒေါ်မြင့်မြင့်အေးက RFA ကို အခုလိုပြောပါတယ်။
"တောင်သူလယ်သမားတွေအတွက် အာမခံနိုင်တဲ့ လယ်ယာမြေဥပဒေပေါ်ပေါက်ဖို့၊ လယ်ယာမြေ တိုးတက်ဖွံဖြိုးဖို့ အစိုးရအနေနဲ့ ဆောင်ရွက်ပေးဖို့၊ စစ်မှန်တဲ့လယ်သမားသမဂ္ဂပေါ်ပေါက်ဖို့၊ နိုင်ငံတကာက တိုးတက်နေတဲ့ တောင်သူလယ်သမားသမဂ္ဂတွေနဲ့ ချိတ်ဆက်ဖို့ ဆုံးဖြတ်တာတွေ ကျွန်မတို့လုပ်ခဲ့တယ်"
ဒီကနေ့ဆွေးနွေးပွဲဟာ ပထမဦးဆုံးအကြိမ်ဖြစ်ပြီး လက်ရှိတောင်သူလယ်သမားတွေ ကြုံတွေ့နေရတဲ့ လယ်ယာမြေသိမ်းဆည်းမှုကိစ္စအပြင် လယ်ယာမြေပိုင်ဆိုင်ခွင့်ဥပဒေ အမြန်ပေါ်ပေါက်ရေးတို့ကို အဓိကဆွေးနွေးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
တောင်သူလယ်သမား နှီးနှောဆွေးနွေးပွဲနဲ့ ပတ်သက်ပြီး ဒေါ်မြင့်မြင့်အေးကို RFA သတင်းထောက် မရတနာဦးက ဆက်သွယ်မေးမြန်းခဲ့ပါတယ်။