ယင်းမာပင်မြို့နယ် နဘူးတောရွာက ဒေသခံအပါအဝင် ငါးယောက် အဖမ်းခံရ

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ပျူစောထီးအဖွဲ့ဝင်တွေ နိုဝင်ဘာ ၁၅ ရက်နေ့က စစ်ကြောင်းဝင်ရောက်ခဲ့တဲ့ စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် နဘူးတောကျေးရွာမှာ ဒေသခံနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေအပါအဝင် ငါးယောက် ဖမ်းဆီးခံလိုက်ရတယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။
အဖမ်းခံလိုက်ရသူတွေကို ဘန့်ဘွေးရွာမထဲကို ခေါ်ဆောင်သွားတယ်လို့ မြောက်ယမားပြည်သူ့ကာကွယ်ရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုခန့် က ပြောပါတယ်။
“မနက်လေးနာရီခွဲလောက်က စစ်ကောင်စီနဲ့ ပျူစောထီးအဖွဲ့ ပေါင်းပြီး နယ်မြေရှင်းလင်းရေးပုံစံမျိုး ဝင်လာတဲ့အခါမှာ ဖမ်းခေါ်သွားတာ။ အဖမ်းခံရတဲ့အထဲမှာ အသက်မပြည့်သေးတဲ့ကလေးတချို့လည်း ပါတယ်၊ ပ.က.ဖ အဖွဲ့ဝင်တွေလည်း ပါတယ်၊ ဒေသခံတွေလည်း ပါတယ်လို့ သတင်းရပါတယ်။ တိတိကျကျတော့ မပြောနိုင်သေးပါဘူး။ သူတို့ကို ပြန်လည်ရရှိဖို့ ကျွန်တော်တို့ ပူးပေါင်း PDF အဖွဲ့တွေ သွားပြီး ကယ်ထုတ်ခဲ့ပေမယ့် မအောင်မြင်လိုက်ဘူး။”
ဒီဖမ်းဆီးမှုနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာ မရှိသေးသလို RFA အနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။
ဘန့်ဘွေးရွာမဟာ ပျူစောထီးအဖွဲ့ အားကောင်းတဲ့ရွာဖြစ်သလို စစ်ကောင်စီတပ်တွေ အခြေချထားတဲ့နေရာဖြစ်ပါတယ်။
ယင်းမာပင်မြို့ပေါ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီ စခန်းတွေကို နိုဝင်ဘာ ၇ ရက်နေ့က PDF အဖွဲ့တွေပူးပေါင်းပြီး တိုက်ခိုက်ခဲ့တဲ့နောက်ပိုင်း စစ်ကောင်စီက ယင်းမာပင်မြို့နယ်အတွင်း ရွာတွေမှာ နယ်မြေရှင်းလင်းရေးတွေ ဆက်တိုက်လုပ်ဆောင်လာတာလို့လည်း သူက ပြောပါတယ်။
စစ်ကိုင်းတိုင်းထဲမှာ စစ်ကောင်စီနဲ့ ဒေသကာကွယ်ရေးအဖွဲ့တွေအကြား တိုက်ပွဲပြင်းထန်ခဲ့တဲ့ နှစ်နှစ်နီးပါးအတွင်း ယင်းမာပင်မြို့နယ်ထဲက ဒေသခံ ၃ဝဝ ကျော် ဖမ်းဆီးခံခဲ့ရတယ်လို့ ကိုခန့်က ပြောပါတယ်။
စစ်ကိုင်းတိုင်းဟာ စစ်ကောင်စီကို လက်နက်ကိုင်ခုခံမှုအားကောင်းတဲ့ နယ်မြေတစ်ခုဖြစ်ပြီး နေအိမ် အဆောက်အအုံ အများဆုံး မီးရှို့ဖျက်ဆီးခံရတဲ့ နေရာလည်း ဖြစ်ပါတယ်။