ယင်းမာပင်ခရိုင်က စစ်ဘေးဒုက္ခသည် သုံးသောင်းဝန်းကျင် အကူအညီလိုအပ်နေ

RFA Burmese
2024.04.02
ယင်းမာပင်ခရိုင်က စစ်ဘေးဒုက္ခသည် သုံးသောင်းဝန်းကျင် အကူအညီလိုအပ်နေ စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်မှ စစ်ဘေးဒုက္ခသည်များအား ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၁၄ ရက်နေ့က တွေ့ရစဉ်။
အညာပစ်တိုင်းထောင်လေးများ

စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင်က မြို့နယ်သုံးခုမှာ တိုက်ပွဲတွေကြောင့် ဘေးလွတ်ရာကို တိမ်းရှောင်နေတဲ့ စစ်ဘေးဒုက္ခသည် သုံးသောင်းဝန်းကျင် စားနပ်ရိက္ခာအကူအညီတွေ လိုအပ်နေတယ်လို့ ဒေသခံတွေနဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ဧပြီလ ၂ ရက်နေ့မှာ ပြောပါတယ်။

ယင်းမာပင်၊ ဆားလင်းကြီး၊ ကနီ မြို့နယ်သုံးခုက ရွာပေါင်း သုံးဆယ်ကျော်က ဒေသခံ သုံးသောင်းဝန်းကျင်ဟာ မတ်လအတွင်းမှာ ထွက်ပြေးတိမ်းရှောင်ခဲ့ရတာပါ။

တရုတ်ကြေးနီစီမံကိန်းကို သွားလာနိုင်တဲ့ ပုသိမ်-မုံရွာကားလမ်းတစ်လျှောက်ကို စစ်ကောင်စီတပ်က လုံခြုံရေး တိုးမြှင့်နေပြီး ယင်းမာပင်အရှေ့ခြမ်းနဲ့ ဆားလင်းကြီးအနောက်ခြမ်းရွာတွေကို စစ်ကြောင်းထိုးတာတွေ ရှိနေတဲ့ အတွက် ဒေသခံတွေ တိမ်းရှောင်နေရတယ်လို့ ဆိုပါတယ်။

ကနီမြို့နယ်မှာတော့ မြို့သိမ်းတိုက်ပွဲတွေ စဖြစ်ချိန်ကတည်းက ဒေသခံတွေ စတင်တိမ်းရှောင်ခဲ့ရပြီး ဒီနေ့အထိ နေရပ်မပြန်နိုင်သေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

စိုက်ပျိုးရေးလုပ်ငန်းခွင်ကိုပစ်ပြီး တိမ်းရှောင်ခဲ့ရတာကြောင့် ဒေသခံတွေ စားဝတ်နေရေး အခက်ခဲတွေ ကြုံနေရတာလို့ ယင်းမာပင် ကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ဦးက RFA ကို ပြောပါတယ်။

“ကြက်သွန်ဖြူ၊ ကြက်သွန်နီနဲ့ ကွမ်း စသဖြင့် စိုက်ကြတဲ့ တောင်သူတွေက အခုချိန်မှာ အလုပ်ဝင်ရမှာပေါ့။ ဒါပေမဲ့ ဘယ်သူမှ မလုပ်နိုင်ကြတော့ စားဝတ်နေရေး ပိုခက်ခဲတာပေါ့။ လောလောဆယ် အဓိက လိုအပ်နေတာက ရိက္ခာပေါ့"

အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ (NUG) ရဲ့ လူသားချင်း စာနာထောက်ထားရေးအဖွဲ့နဲ့ ပြင်ပက အလှူငွေတွေရပေမယ့် ဒုက္ခသည် အားလုံးအတွက် လုံးလောက်မှုတော့ မရှိဘူးလို့ သူက ဆိုပါတယ်။

ဒုက္ခသည်တွေ ထောက်ပံ့ကူညီရေးနဲ့ ပတ်သက်ပြီး စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်း ပြောရေးဆိုခွင့်ရှိသူ လူမှုရေးဝန်ကြီး ဦးညွန့်ဝင်းအောင်ကို ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး (UNOCHA) ရဲ့ မတ်လ ၁၈ ရက်နေ့ စာရင်းအရ နိုင်ငံတစ်ဝန်းမှာ လူဦးရေ ၂ ဒသမ ၈ သန်းကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။