ရွှေဖီမြေ အမျိုးသမီး သတင်းထောက် အပါအဝင် ငါးဦး ထောင်ချခံရ

ရှမ်းပြည်နယ် မြောက်ပိုင်း လားရှိုးအခြေစိုက် ရွှေဖီမြေသတင်းထောက် လွေးအမ်ဖောင်၊ တအာင်းကျောင်းသားနဲ့ လူငယ်အဖွဲ့ (TSYU) ဝန်ထမ်းဖြစ်သူ မိုင်းအောင်သက်ဦး အပါအဝင် လူငယ် ငါးဦး ကို လားရှိုး အကျဉ်းထောင် တရားရုံးက ဧပြီလ ၇ ရက် ဒီနေ့ မနက်က ထောင်ဒဏ်အသီးသီး ချမှတ်လိုက်တယ်လို့ အကျိုးဆောင်ရှေ့နေတွေနဲ့ နီးစပ်သူတွေက RFA ကို ပြောပါတယ်။
ရွှေဖီမြေသတင်းဌာန အမျိုးသမီးသတင်းထောက် လွေးအမ်ဖောင်ဟာ ရာဇသတ်ကြီး ဥပဒေပုဒ်မ - ၅၀၅ (က) နဲ့ ထောင်နှစ်နှစ် ချမှတ်ခံခဲ့ရပြီး တအာင်းကျောင်းသားနဲ့ လူငယ်အဖွဲ့ (TSYU) ဝန်ထမ်းဖြစ်သူ မိုင်းအောင်သက်ဦး ကတော့ အကြမ်းဖက် တိုက်ဖျက်ရေး ဥပဒေပုဒ်မ - ၅၂ (က) နဲ့ ထောင်ဒဏ် ခုနစ်နှစ် ချမှတ်ခံလိုက်ရတာလို့ ပြောပါတယ်။ ဒါ့အပြင် ရာဇသတ်ကြီး ဥပဒေပုဒ်မ - ၅၀၅ (က) နဲ့ တရားစွဲခံထားရတဲ့ အမျိုးသမီးတစ်ဦးနဲ့ အမျိုးသားနှစ်ဦးလည်း ထောင်ဒဏ် နှစ်နှစ်စီ ချမှတ်ခံခဲ့ရတယ်လို့ ဆိုပါတယ်။
ရွှေဖီမြေသတင်းထောက် လွေးအမ်ဖောင် ဟာ ၂၀၂၁ စက်တင်ဘာလ ၂၆ ရက်နေ့က လားရှိုးမြို့က နေအိမ်တစ်ခုမှာ ဖမ်းဆီးခံခဲ့ရတာပါ။
"အခက်အခဲဖြစ်နေတဲ့ ရွာတွေကို အထောက်အပံ့ပေးရေး အဖွဲ့နဲ့ သတင်းသွားယူဖို့ စောင့်နေတုန်း စစ်ကောင်စီတပ်သား ၃၀ ကျော်က လာဖမ်းသွားတာ၊ ဖမ်းဆီးခံရတုန်းက တစ်ပတ်တိတိ စစ်ကြောရေးမှာ ရိုက်နှက်ခံရ ညဘက်မအိပ်ရဘဲ နှိပ်စက်ခံခဲ့ရတယ်" လို့ မိတ်ဆွေသတင်းထောက်က ပြောပါတယ်။
သူဟာ မြန်မာသတင်းပညာသိပ္ပံ (MJI) ကျောင်းဆင်းတစ်ယောက်ဖြစ်ပြီး အာဏာမသိမ်းခင်ကတည်းက ရှမ်းမြောက်ပိုင်းက တိုက်ပွဲတွေနဲ့ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုတွေ အကြောင်း ရေးသားနေသူ ဖြစ်ပါတယ်။
ရှမ်းပြည်နယ်အတွင်းမှာ ရွှေဖီမြေသတင်းထောက် အပါအဝင် သတင်းထောက် ငါးဦး ထောင်ဒဏ်တွေ အသီးသီး ချမှတ်ခံထားရပြီး တစ်ဦးကတော့ အမှုရင်ဆိုင်နေရဆဲ ဖြစ်ပါတယ်။
ရှမ်းပြည်နယ်ဒေသခံ သတင်းထောက် တစ်ယောက်ကတော့ " သတင်းထောက်တွေ ဘယ်လောက်ဖမ်းဆီး ခံနေရပါစေ သတင်းလုပ်ငန်းကို ဆက်လုပ်နေမယ်ဆိုတဲ့ စိတ်နဲ့ ရှေ့ဆက်နေကြရပါတယ်။ တကယ့်လူထုတွေ သတင်းရဖို့ လိုအပ်ချက်ရှိရင် ဘယ်လောက် အန္တရာယ်များတဲ့ နေရာဖြစ်ပါစေ သွားရောက် သတင်းရယူနေပါတယ်" လို့ ပြောပါတယ်။
တအာင်းကျောင်းသားနဲ့ လူငယ်အဖွဲ့ (TSYU) ဝန်ထမ်းဖြစ်သူ မိုင်းအောင်သက်ဦး၊ တအာင်း ပရဟိတ ပညာရေး ဘော်ဒါဆောင်က ကျောင်းဆရာ မိုင်းနိုင်ဝင်း အပါအဝင် လူငယ် ခြောက်ဦး၊ စုစုပေါင်း ခုနစ်ဦးဟာ ၂၀၂၁ ခုနှစ် စက်တင်ဘာလ ၂၅ ရက် နေ့က ဖမ်းဆီး ခံခဲ့ရတာပါ။ တအာင်း ပရဟိတ ဘော်ဒါဆောင်က ဖမ်းဆီးခံရသူ ခြောက်ဦးထဲက လေးဦးကိုတော့ တစ်လအကြာမှာ ပြန်လွှတ်ပေးခဲ့ပြီး ကျန် နှစ်ဦးကတော့ အမှု ရင်ဆိုင် နေရဆဲ ဖြစ်ပါတယ်။
အခုလ ၄ ရက်နေ့ကလည်း ရှမ်းပြည်နယ်တောင်ပိုင်းအခြေစိုက် တောင်ရိုး အထောက်အကူပြုအဖွဲ့ဝင် ကိုအောင်ဆန်းနဲ့ မယမင်းဖွေး၊ သဘာဝပတ်ဝန်းကျင်အရေး ဆောင်ရွက်သူ ကိုအောင်မြင့်ထွန်းနဲ့ လူငယ်တစ်ဦးကို PDF တပ်ဖွဲ့နဲ့ ဆက်စပ်တယ်ဆိုပြီး စစ်ကောင်စီ တောင်လေးလုံးအကျဉ်းထောင် တရားရုံးက နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်ခဲ့ပါတယ်။