ဝှိုက်ကဒ်အပ်နှံထားသူတွေကို ဂရင်းကဒ်တွေ စတင်ထုတ်ပေး
ရခိုင်ပြည်နယ်မှာ ဝှိုက်ကဒ် ခေါ် ယာယီ သက်သေခံလက်မှတ် ပြန်လည်အပ်နှံ ထားသူတွေကို ပြီးခဲ့တဲ့နှစ်ရက်လောက် ကစပြီး အစိမ်းနုရောင်ကဒ်ပြားတွေ စတင်ထုတ်ပေးနေ ပါတယ်။
-
2015-06-15 -
-
-
Your browser doesn’t support HTML5 audio
ရခိုင်ပြည်နယ်မှာ ဝှိုက်ကဒ် ခေါ် ယာယီသက်သေခံလက်မှတ် ပြန်လည်အပ်နှံထားသူတွေကို ပြီးခဲ့တဲ့နှစ်ရက်လောက်ကစပြီး အစိမ်းနုရောင်ကဒ်ပြားတွေ စတင်ထုတ်ပေးနေပါတယ်။
အဲဒီ့ အစိမ်းနုရောင်ကဒ်ပြားဟာ နိုင်ငံသားအဖြစ် စိစစ်ခံဖို့လိုသေးတဲ့လူတွေကို ထုတ်ပေးတဲ့ သက်သေခံကဒ်ဖြစ်တယ်လို့ ရခိုင်ပြည်နယ် လူဝင်မှုကြီးကြပ်ရေးနဲ့ အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးခင်စိုးက ပြောပါတယ်။
"အပြာနုနဲ့ အစိမ်းနု နည်းနည်း အဲ့ဒါကိုစပ်ထားတာပေါ့၊ အဲ့ကဒ်ပြားက အမျိုးသားမှတ်ပုံတင်နည်းဥပဒေနဲ့ ထုတ်ပေးထားတာ၊ အဲ့ကဒ်ပြားက လက်ရှိကျနော်တို့ နေထိုင်ခြင်းကို အထောက်အကူပြုတာပါ၊ နိုင်ငံသား အစစ်ခံဖို့ လိုသေးတယ်လို့ ပြောတဲ့သဘောပါ၊ ကျနော်တို့စပြီးတော့ တပြည်နယ်လုံး စထုတ်နေတာပေါ့ခင်ဗျ၊ တချို့မြို့နယ်တွေမှာတော့ ရှင်းလင်းပွဲတွေ အသိပေးတာတွေ စလုပ်ပါတယ်ခင်ဗျ၊ တချို့ကျတော့လည်း ဓါတ်ပုံမရိုက်ရသေးတာတို့ ဓါတ်ပုံစုရိုက်တာတို့ တချို့ကျတော့ ကိုယ့်အစီအစဉ်နဲ့ ကိုယ်ရိုက်တာတို့ ဒါလေးတွေစောင့်နေတာပါခင်ဗျ၊ အခုကျနော်တို့က ထုတ်ပေးနေပါတယ်"
အစိမ်းနုရောင် သက်သေခံကဒ်ပြားတွေမှာ ကဒ်ပြားအမှတ်စဉ်၊ အမည်၊ အဘအမည်၊ ကျား/မ၊ မွေးသက္ကရာဇ် ၊ မွေးဖွားရာဒေသ၊ အိမ်ထောင်ရေးအခြေအနေ၊ ထင်ရှားတဲ့အမှတ်အသားစတဲ့ အချက် ၉ ချက်ကို မြန်မာ-အင်္ဂလိပ် နှစ်ဘာသာနဲ့ ရေးသားထားပါတယ်။
ရခိုင်ပြည်နယ်မှာ စစ်တွေ၊ မြောက်ဦး၊ သံတွဲ၊ ဘူးသီးတောင်၊ မောင်တော စတဲ့ မြို့နယ် ၁၃ မြို့နယ်မှာ တပြိုင်တည်းထုတ်ပေးနေတာဖြစ်ပြီး နိုင်ငံသားလျှောက်လွှာတွေကိုလည်း လက်ခံနေတယ်လို့ သိရပါတယ်။
မြန်မာတစ်နိုင်ငံလုံးမှာ သက်တမ်းကုန်ဆုံးတဲ့ ဝှိုက်ကဒ် ခေါ် ယာယီသက်သေခံလက်မှတ်တွေကို ပြီးခဲ့တဲ့ ဧပြီလ ၁ ရက်နေ့ကနေ မေလ ၃၁ ရက်နေ့အထိ ပြန်လည်သိမ်းဆည်းခဲ့ပြီး ရခိုင်ပြည်နယ်မှာ လာရောက်အပ်နှံသူပေါင်း ၄ သိန်းနီးပါးရှိခဲ့ပါတယ်။
ရခိုင်ပြည်နယ် လူဝင်မှုကြီးကြပ်ရေးနဲ့ အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာနညွှန်ကြားရေးမှူး ဦးခင်စိုးကို RFA အဖွဲ့သူ မခက်မာ ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။