ယာယီ သက်သေခံလက်မှတ် တစ်နေ့ ၁၀,၀၀၀ ကျော်ပြန်အပ်
2015.04.06

ရခိုင်ပြည်နယ်မှာ ယာယီသက်သေခံလက်မှတ်တွေ ကို ပြန်လည်သိမ်းဆည်းနေရာ လာရောက်အပ်နံှကြသူ တစ်နေ့ကို တစ်သောင်းကျော်လောက်ရှိပြီး မနေ့ကအထိ လက်မှတ်ပေါင်း လေးသောင်းကျော် လက်ခံရရှိထား ပြီးဖြစ်တယ်လို့ သိရပါတယ်။
ယာယီသက်သေခံလက်မှတ်တွေကို ရခိုင်ပြည်နယ် အနှံ့ နေရာ ၇၁ နေရာမှာ ပြန်လည်လက်ခံနေတာဖြစ် တယ်လို့ လူဝင်မှုကြီးကြပ်ရေးနဲ့ အမျိုးသားမှတ်ပုံတင်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးခင်စိုးက ပြောပါတယ်။
"အားလုံးဆို ၇၁ နေရာစာ၊ လက်ခံရေးအဖွဲ့ပေါင်းက အားလုံး ၃၇ ဖွဲ့၊ မနေ့ကတစ်နေ့တည်း တစ်သောင်းလေးထောင်ရတယ်လေ၊ ၁ ရက်နေ့ကနေ ၅ ရက်နေ့အထိ ၄၄၆၅၁ ရတယ်၊ တစ်နေ့တစ်နေ့ အပ်နေတဲ့နှုန်းနဲ့ ပြန်ကြည့်မယ်ဆိုရင် ၂ လမဟုတ်ဘူး ကျနော်တို့တွက်တာ ၁ လ၊ ၁ လကျော်ကျော်လောက် ဆို ဒါပြီးသွားမယ့်သဘောပါ"
ရခိုင်ပြည်နယ်မှာ ယာယီသက်သေခံလက်မှတ်ကိုင်ဆောင်သူပေါင်း ၇ သိန်းနီးပါးရှိပြီး ရခိုင်ပြည်နယ်အနှံ့ လက်ခံရေးအဖွဲ့ ၃၇ ဖွဲ့နဲ့ လက်ခံနေတာဖြစ်တယ်လို့ ညွှန်ကြားရေးမှူး ဦးခင်စိုးက ပြောပါတယ်။
အဲဒီယာယီသက်သေခံလက်မှတ်တွေကို လာမယ့် မေလ ၃၁ ရက်နေ့ နောက်ဆုံးထားအပ်နှံရမှာဖြစ်ပြီး ဇွန်လ ၁ ရက်နေ့ကစပြီး ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဖြစ်မှု ဥပဒေနဲ့အညီ နိုင်ငံသားဖြစ်ခွင့်ကို ပြန်လည်လျှောက်ထားရ မှာဖြစ်ပါတယ်။