ပညာရေးဝန်ကြီးဌာနနဲ့ ဆန္ဒပြကျောင်းသားတွေ ပြေလည်မှုရရှိ
ပညာရေးတက္ကသိုလ်ဆင်း ကျောင်းသူကျောင်းသားတွေကို ဆရာဆရာမအဖြစ် ခန့်ထားမှုနောက် ကျတဲ့အတွက် မနေ့က ဆန္ဒပြခဲ့တဲ့ ကျောင်းသားတွေနဲ့ ပညာရေးဝန်ကြီးဌာန တာဝန်ရှိသူတွေ ရန်ကုန်မြို့က ပညာရေးတက္ကသိုလ် အစည်းအဝေးခန်းမမှာ ဒီကနေ့ တွေ့ဆုံဆွေးနွေးပြီး ပြေလည်မှု ရရှိသွားပါတယ်။
-
2017-08-07 -
-
-
ပညာရေးတက္ကသိုလ်ဆင်း ကျောင်းသူကျောင်းသားတွေကို ဆရာဆရာမအဖြစ် ခန့်ထားမှု နောက်ကျတဲ့အတွက် မနေ့က ဆန္ဒပြခဲ့တဲ့ ကျောင်းသားတွေနဲ့ ပညာရေးဝန်ကြီးဌာန တာဝန်ရှိသူတွေ ရန်ကုန်မြို့က ပညာရေးတက္ကသိုလ် အစည်းအဝေးခန်းမမှာ ဒီကနေ့ တွေ့ဆုံဆွေးနွေးပြီး ပြေလည်မှုရရှိသွားပါတယ်။
ရန်ကုန်နဲ့ စစ်ကိုင်း ပညာရေးတက္ကသိုလ်က အလုပ်ခန့်အပ်ဖို့ ကျန်ရှိနေတဲ့ ကျောင်းသား၊ ကျောင်းသူတွေကို သြဂုတ်လကုန်ပိုင်းမှာ ခန့်အပ်သွားနိုင်အောင် လုပ်ဆောင်နေပြီး အခြားအချက်တွေကိုလည်း ညှိနှိုင်းနိုင်ခဲ့တယ်လို့ ပညာရေးဝန်ကြီးဌာန အဆင့်မြင့်ပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာအောင်အောင်မင်း က ပြောပါတယ်။
"ကျနော်တို့ကျန်တာ ပေါင်းကူးတစ်သုတ်ပဲကျန်တယ်၊ ၄၇ဝ ပဲကျန်တယ်၊ အဲဒါလည်းလုပ်ပေးမယ်"
ဒီကနေ့ တွေ့ဆုံပွဲမှာ ဆန္ဒပြကျောင်းသားတွေ တောင်းဆိုထားတဲ့ အချက် ၃ ချက်ထဲက ပညာရေးတက္ကသိုလ်တွေက သင်တန်းဆင်းတွေကို အလုပ်အမြန်ဆုံးခန့်ဖို့၊ နောက်နှစ်တွေမှာ ဒီနှစ်လို ဆရာဆရာမ ခန့်ထားမှု နောက်မကျဖို့ တို့ကို ပညာရေးဝန်ကြီးဌာနက သဘောတူ လုပ်ဆောင်ပေးနေကြောင်း ပြောပါတယ်။
ဒါ့အပြင် ကျန်ရှိတဲ့တောင်းဆိုချက်တစ်ခုဖြစ်တဲ့ ယခုနှစ် ဆရာဆရာမ ခန့်ထားမှု ၂ လ နောက်ကျတဲ့အတွက် အဆင့်မြင့်ပညာတွေကို ဆက်သင်ကြားမယ့် ဆရာဆရာမတွေကို ပညာသင်ကြားခွင့်အတွက် လုပ်သက် တွက်ချက်ရာမှာနဲ့ ရာထူးတိုးအတွက် လုပ်သက်တွက်ချက်ရာမှာ ဖြေလျော့လုပ်ဆောင်ပေးဖို့လည်း ဝန်ကြီးဌာနက ကတိပြုခဲ့ပါတယ်။
ဒါပေမယ့် အလုပ်ခန့်ထားရေး မူဘောင်ပြဌာန်းဖို့ကတော့ ပညာရေးဝန်ကြီးဌာန တစ်ခုတည်းက ဆုံးဖြတ်လို့ မဖြစ်နိုင်ဘူးလို့ ဝန်ကြီးဌာနက ပြောကြားခဲ့ပြီး ကျောင်းသားတွေဘက်ကလည်း လက်ခံခဲ့ပါတယ်။
အဲဒီလို သဘောတူညီချက် ရရှိခဲ့တဲ့အတွက် ဆန္ဒပြကျောင်းသား၊ ကျောင်းသူတွေက ဝန်ကြီးဌာနကို ဆန္ဒပြတဲ့အနေနဲ့ လှုပ်ရှားနေတဲ့ ဖဲကြိုးစိမ်းလှုပ်ရှားမှုကို ရပ်နားလိုက်ပြီဖြစ်တယ်လို့ သိရပါတယ်။