ဖဲကြိုးစိမ်းလှုပ်ရှားမှု မြစ်ကြီးနားမှာ ပြုလုပ်
2019.08.21

အဝေးသင် တက်ရောက်ချိန် လစာဖြတ်တောက်တာကို ရပ်တန့်ပေးဖို့ဆိုတဲ့ အချက်အပါအဝင် တောင်းဆိုချက် သုံးချက်ကို ဒီမနက် မြစ်ကြီးနား ပညာရေးကောလိပ်မှာ ကျောင်းသားတွေက ဖဲကြိုးစိမ်းလှုပ်ရှားမှုအနေနဲ့ ပြုလုပ်ပြီး တောင်းဆိုလိုက်ပါတယ်။
B.A (Education) နဲ့ B.Sc (Education) ဘွဲ့တွေအတွက် ပွင့်လင်းမြင်သာပြီး တိကျတဲ့ မူဝါဒချမှတ်ပေးဖို့၊ ပညာရေးဝန်ထမ်းတွေ အဝေးသင်တက္ကသိုလ် တက်ရောက်တဲ့အခါ လစာဖြတ်တောက်မှု မပြုဖို့၊ ကျောင်းသားသမဂ္ဂတွေကို ဖိနှိပ်မှု ရပ်တန့်ဖို့ တို့ကို တောင်းဆိုတာလို့ မြစ်ကြီးနား ပညာရေးကောလိပ် ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌ ကိုအောင်အောင် က ပြောပါတယ်။
တောင်းဆိုထားတဲ့ အချက်တွေအပေါ် အစိုးရဘက်က အရေးယူ ဆောင်ရွက်ပေးတာမရှိသရွေ့ လှုပ်ရှားမှုတွေ ဆက်လုပ်သွားမှာဖြစ်တယ်လို့လည်း ကိုအောင်အောင်က ဆက်ပြောပါတယ်။
ဖဲကြိုးစိမ်းလှုပ်ရှားမှုကို သြဂုတ်လ ၁၉ ရက်နေ့က မန္တလေး နဲ့ မုံရွာ ပညာရေးကောလိပ်၊ သြဂုတ် ၂၀ ရက်မှာ ပခုက္ကူ ပညာရေးကောလိပ်မှာပြုလုပ်ခဲ့ပြီး ဒီနေ့မှာတော့ ရန်ကုန်မြို့က ရန်ကင်းပညာရေးကောလိပ်နဲ့ မြစ်ကြီးနား ပညာရေးကောလိပ်မှာ ပြုလုပ်ခဲ့တာပါ။
(RFA သတင်းထောက် အဲလိဇဘက်ဂျန်မာ ပေးပို့သည်)