ပညာရေးကောလိပ်ကျောင်းသားတွေ ဖဲကြိုးစိမ်းလှုပ်ရှားမှုလုပ်ဆောင်


2019.08.19
green-ribbon-movement-622.jpg မန္တလေးမြို့ ပညာရေးကောလိပ်မှာ ဖဲကြိုးစိမ်း လှုပ်ရှားမှု ပြုလုပ်နေတာကို ၂၀၁၉၊ သြဂုတ် ၁၉ ရက်နေ့က တွေ့ရစဥ်
Photo: Representative Committe Of ECSUs

မန္တလေးနဲ့ မုံရွာ ပညာရေးကောလိပ်မှာ ဖဲကြိုးစိမ်းလှုပ်ရှားမှုတွေကို ဒီနေ့ လုပ်ဆောင်ခဲ့ကြတယ်လို့ ပညာရေးကောလိပ်ကျောင်းသား သမဂ္ဂများ ကိုယ်စားပြုကော်မတီကနေ သိရပါတယ်။

ပညာရေးဝန်ကြီးဌာနက ပညာရေးအဆင့်မြှင့်တင်တဲ့အနေနဲ့ BA (Education), BSc (Education) လေးနှစ်သင်တန်း တက်ရမယ်ဆိုပြီး ချမှတ်ထားပေမယ့် မူဝါဒတွေ မရှင်းလင်းတာကြောင့် အဲဒါနဲ့ပတ်သက်ပြီး ရှင်းရှင်းလင်းလင်း ထုတ်ပြန်ပေးဖို့အပါအဝင် အချက် ငါးချက်ကို တောင်းဆိုဆန္ဒပြနေတာဖြစ်ပါတယ်။

တောင်ဆိုချက်တွေထဲမှာ ပညာရေးကောလိပ်ဟာ နှစ်နှစ်သင်တန်းဖြစ်ပြီး သင်တန်းပြီးဆုံးရင် မူလတန်းပြဆရာအဖြစ် တာဝန်ထမ်းဆောင်ရတာကြောင့် အဲဒီအချိန်မှာ အဝေးသင်တက္ကသိုလ်တွေ ဆက်တက်ရတဲ့အတွက် ခွင့် လုံလုံလောက်လောက်ပေးဖို့၊ ပညာရေးကောလိပ်ကျောင်းသား သမဂ္ဂဝင်တွေကို ခွဲခြားဆက်ဆံတာတွေ၊ ခရီးသွားခွင့်ပိတ်တာတွေနဲ့ ဖိနှိပ်ချုပ်ချယ်တာတွေကို ရပ်တန့်ဖို့ တောင်းဆိုနေတာဖြစ်ကြောင်း မန္တလေးပညာရေးကောလိပ် ကျောင်းသားများသမဂ္ဂ (ဗ.က.သ များအဖွဲ့ချုပ်) ပြန်ကြားရေးက ကိုညီညီဇင်က RFA ကို ပြောပါတယ်။

အဲဒီအချက်တွေကို ပညာရေးကောလိပ်ကျောင်းသားတွေ သိရှိအောင်ရှင်းပြပြီး ဖဲကြိုးစိမ်း ရင်ထိုးတွေ တပ်ပြီးလှုပ်ရှားနေတာဖြစ်ပါတယ်။

အဲဒီလိုလှုပ်ရှားမှုကို မန္တလေးပညာရေးကောလိပ်မှာ ဒီနေ့စတင်လိုက်တာဖြစ်ပါတယ်။ မြန်မာနိုင်ငံ တိုင်းနဲ့ပြည်နယ်တွေက ပခုက္ကူ၊ မကွေး၊ မြစ်ကြီးနား၊ ရန်ကင်း၊ ထားဝယ်၊ ကျောက်ဖြူ စတဲ့ ပညာရေးကောလိပ်ကျောင်းတွေမှာလည်း လုပ်ဆောင်ကြမှာဖြစ်တယ်လို့ သိရပါတယ်။

ဒီတောင်းဆိုမှုတွေနဲ့ ပတ်သက်ပြီး ပညာရေးဝန်ကြီးဌာနဆီက တုံ့ပြန်ချက်ကို ဆက်သွယ်မေးမြန်းလို့ မရသေးပါဘူး။

ပညာရေးဝန်ကြီးဌာနက ဒီလထဲမှာ နိုင်ငံ အနံှ့အပြားက ပညာရေးကောလိပ် ၂ဝ ကျော်ကို သွားရောက်ပြီး မူဝါသစ်နဲ့ ပတ်သက်တာတွေ ရှင်းလင်းဖို့ အစီအစဉ်ရှိတယ်လို့ RFA က စုံစမ်း သိရှိရပါတယ်။

(RFA သတင်းထောက် မဇာဏီထွဏ်း ပေးပို့သည်)

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။