ဖဲပြားစိမ်းလှုပ်ရှားမှုနဲ့ ပညာရေး တက္ကသိုလ် ကျောင်းသားတွေ ကန့်ကွက်
ကန်ထရိုက်စနစ်နဲ့ အထက်တန်းပြ ဆရာတွေ ခန့်မယ်လို့ ပညာရေး ဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီး ပြောကြားခဲ့တဲ့အတွက် ပညာရေးတက္ကသိုလ်ကျောင်းသားတွေက Facebook စာမျက်နှာတွေမှာ ဖဲပြားစိမ်းလှုပ်ရှားမှုတွေ ပြုလုပ်ပြီး ကန့်ကွက်နေပါတယ်။
-
2016-10-07 -
-
-
ကန်ထရိုက်စနစ်နဲ့ အထက်တန်းပြဆရာတွေ ခန့်မယ်လို့ ပညာရေးဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီး ပြောကြား ခဲ့တဲ့အတွက် ပညာရေးတက္ကသိုလ်ကျောင်းသားတွေက Facebook စာမျက်နှာတွေမှာ ဖဲပြားစိမ်းလှုပ်ရှား မှုတွေ ပြုလုပ်ပြီး ကန့်ကွက်နေပါတယ်။
ကန်ထရိုက်စနစ်လို့ သုံးနှုန်းခဲ့တာကို ကန့်ကွက်တဲ့အပြင် အခြေခံပြဆရာ ဆရာမတွေ ခန့်အပ်တဲ့ မူဘောင်ရေးဆွဲပြီး ချပြဆွေးနွေဖို့ကို တောင်းဆိုတယ်လို့ ပညာရေးတက္ကသိုလ် စတုတ္ထနှစ်ကျောင်းသား ကိုနောင်ထက်အောင်က ပြောပါတယ်။
"အောက်တိုဘာလ ၃ ရက်နေ့မှာ ပညာရေးဝန်ကြီးပြောခဲ့တဲ့ ပညာရေးဝန်ကြီးဌာနမှာ ကန်ထရိုက် စနစ်နဲ့ ခန့်အပ်မယ်ဆိုတဲ့ဥစ္စာ ပညာရေးသဘောသဘာဝအနေနဲ့ ကန်ထရိုက်ဆိုတဲ့ စကားလုံးကို မသုံးသင့်တဲ့ တစ်ချက်ရယ်၊ အခြေခံပညာမှာ ဆရာ ဆရာမတွေ ခန့်ထားတဲ့အချိန်မှာ တိကျသေချာတဲ့ မူဘောင်ကို ကျနော်တို့ကိုချပြပါ၊ မရှိသေးဘူးဆိုရင် ပညာရှင်တွေနဲ့ ညှိနှိုင်းဆွေးနွေးဖို့ အခုဟာက မူဘောင်မရှိဘဲနဲ့ ရိုးရိုးဘွဲ့ရ ဝိဇ္ဇာသိပ္ပံဘွဲ့ရ တစ်ခြားအသက်မွေးဝမ်းကြောင်းတွေကို ကျနော်တို့ ပညာရေးအသက်မွေးဝမ်းကြောင်းထဲ ထည့်လာတာကို ကန့်ကွက်တာပါ"
ပြီးခဲ့တဲ့ အောက်တိုဘာလ ၃ ရက်နေ့ကကျင်းပတဲ့ ပြည်သူ့လွှတ်တော်မှာ ပညာရေးဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီးက ၂၀၁၆-၁၇ ပညာသင်နှစ်မှာ အထက်တန်းကျောင်းခွဲအဖြစ် အဆင့်တိုးမြှင့်ပေးခဲ့တဲ့ ၃၁၉ ကျောင်း အတွက် အထက်တန်းပြဆရာ ဆရာမ ၂၂ဝဝ ကျော်ကို ကန်ထရိုက်စနစ်နဲ့ ဖြည့်ဆည်းဆောင်ရွက်မယ် လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။
ကန်ထရိုက်စနစ်နဲ့ ဝိဇ္ဇာ၊ သိပ္ပံ၊ ရိုးရိုးဘွဲ့ရရှိထားသူတွေကို ဆရာဆရာမ ခန့်အပ်ထားတာမျိုးဟာ ကျွမ်းကျင်မှု ဘာသာရပ်အလိုက် သင်ကြားပေးနိုင်တာမျိုး မဟုတ်တဲ့အတွက် ကန့်ကွက်တာဖြစ်ကြောင်းပြောပါတယ်။
ပညာရေးတက္ကသလိုလ်ကျောင်းဆင်းတွေ ရှိနေပါလျှက်နဲ့ ပညာရေးဝန်ကြီးဌာန ဘတ်ဂျက်လိုငွေကြောင့် ကန်ထရိုက်စနစ် အသုံးပြုရတာမျိုးဟာ ပညာရေးတက္ကသိုလ်ကျောင်းဆင်းတွေအတွက် နစ်နာမှုတွေရှိနေပြီး အစိုးရအနေနဲ့ ပညာရေးဘတ်ဂျက်ကို ထပ်တိုးပေးဖို့ လိုအပ်တယ်လို့လည်း ပြောပါတယ်။