အမြန်လမ်းဘေးက ကျူးကျော်တဲ အိမ်တွေကို စတင်ဖယ်ရှား

ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ်၊ စခန်း ကြီးကျေးရွာအုပ်စု အမြန်လမ်းဘေး ၃ မိုင် ၄ ဖာလုံကနေ ၅ မိုင် ဝန်းကျင်မှာရှိတဲ့ အိမ်ခြေ ၄ထောင်လောက်ကို ကျူးကျော်သူတွေအဖြစ် သတ်မှတ်ပြီး ရန်ကုန်တိုင်းဒေသကြီး အစိုးရရဲ့ ညွှန်ကြားချက် နဲ့ လူအင်အား တစ်ထောင်နီးပါးနဲ့ ရဲတပ်ဖွဲ့ဝင် အင်အား ၂၀၀ လောက်က ဒီနေ့ စတင်ဖြိုဖျက်နေပါတယ်။

ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ်၊ စခန်းကြီးကျေးရွာ အုပ်စု အမြန်လမ်းဘေးမှာရှိတဲ့ ကျူးကျော်တဲအိမ်တွေကို ဇွန်လ ၁၂ ရက်နေ့က ဖယ်ရှားနေစဉ် Photo: Aung Thain Kha/ RFA

ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ်၊ စခန်းကြီးကျေးရွာ အုပ်စု အမြန်လမ်းဘေး ၃ မိုင် ၄ ဖာလုံကနေ ၅ မိုင် ဝန်းကျင်မှာရှိတဲ့ အိမ်ခြေ ၄ထောင်လောက်ကို ကျူးကျော်သူတွေ အဖြစ်သတ်မှတ်ပြီး ရန်ကုန်တိုင်းဒေသကြီး အစိုးရရဲ့ ညွှန်ကြားချက်နဲ့ လူအင်အား တစ်ထောင်နီးပါးနဲ့ ရဲတပ်ဖွဲ့ဝင် အင်အား ၂၀၀ လောက်က ဒီနေ့ စတင်ဖြိုဖျက်နေပါတယ်။

စခန်းကြီးကျေးရွာ အုပ်စု စိမ်းလန်းကျေးရွာ၊ ဂန့်ဂေါ်ကျွန်း၊ အောင်ရတနာ၊ ရတနာအောင်နဲ့ အောင်သုခ စတဲ့ရွာတွေက ကျူးကျော်တဲအိမ်တွေကို တိုင်းအစိုးရ ရဲ့ ညွှန်ကြားချက်အရ စက်ယန္တရားတွေကို အသုံးမပြုဘဲ ၂ လကြာ စီမံချက်ဆွဲပြီး ဖယ်ရှားသွားမှာဖြစ်တယ်လို့ သိရပါတယ်။

နေအိမ်တဲတွေကို ဖြိုဖျက်ဖို့လာချိန်မှာ ကျူးကျော်နေထိုင်သူတွေထဲက အမျိုးသား ၄ ဦးနဲ့ အမျိုးသမီး တစ်ဦးတို့ဟာ အမြန်လမ်းကားလမ်းမကြီးကို ပိတ်ဆို့ခဲ့တဲ့အပြင် ရဲတပ်ဖွဲ့ဝင်တွေကိုလည်း လေးခွနဲ့ ပြန်လည် ပစ်ခတ်ခဲ့တဲ့ အတွက် လေးခွနဲ့ ပစ်ခတ်သူတွေကို လှည်ကူးမြို့မ ရဲစခန်းမှာ ထိန်းသိမ်းထားပါတယ်။

ကျူးကျော်နေထိုင်သူတွေဟာ သူတို့အနေနဲ့ မြေဝယ်ပြီးနေထိုင်တာဖြစ်တဲ့အတွက် နေအိမ်တွေကို မဖျက်စီးဖို့ တားမြစ်ခဲ့ကြပါတယ်။

တဲအိမ်တွေကို ဖြိုချရာမှာပါဝင်တဲ့ အရပ်သားတွေဟာ လှည်းကူးမြို့နယ်အတွင်းက ဒေသခံတွေဖြစ်ပြီး လုပ်အားခပေးပြီး ငှားရမ်းလာတာဖြစ်တယ်လို့ သိရပါတယ်။

အဲဒီကျေးရွာ ၅ ရွာက မြေတွေကို အကွက်ရိုက်ပြီး ရောင်းချသူတွေထံကနေ ပေ ၄၀/၆၀ မြေကွက် တစ်ကွက်ကို ကျပ် ၃ သိန်းကနေ ၁၃ သိန်းအထိပေးဝယ် ခဲ့ရတဲ့အပြင် လမ်းမကြီးလိုနေရာတွေ မှာဆိုရင် အဲဒီထက် ဈေးပိုပေး ပြီး ဝယ်ယူခဲ့ရတာဖြစ်တယ်လို့ နေထိုင်သူတွေက ပြောကြပါတယ်။

အဲဒီလိုလိမ်လည် ရောင်းချသူကို အမြန်ဆုံး အရေးယူပေးဖို့ တောင်းဆိုကြောင်း နေအိမ်ဖြိုဖျက်ခံ ရသူတွေက ပြောပါတယ်။

နိုင်ငံတကာအဆင့်မီ နိုင်ငံတော်စီမံကိန်းအကောင်အထည်ဖော်မှာဖြစ်တဲ့အတွက် အဲဒီကျူးကျော်တဲ တွေကို ဖယ်ရှားတာဖြစ်တယ်လို့ သိရပါတယ်။

အဲဒီရွာ ၅ရွာက ဧက ၁၄၅၀ ကျော်ရှိပြီး ဒီနေ့ တဲအိမ်အလုံးပေါင်း ၂၀၀ နီးပါး ကို ဖြိုဖျက်ခဲ့တာ ဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org