လှည်းကူးက ကျူးကျော်တဲ အလုံးရေ ၅ ထောင်ခန့် ဖယ်ရှားပြီးဖြစ်


2017.06.19
hlegu-slum-620.jpg ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ်၊ စခန်းကြီးကျေးရွာ အုပ်စု အမြန်လမ်းဘေးမှာရှိတဲ့ ကျူးကျော်တဲအိမ်တွေကို ဇွန်လ ၁၂ ရက်နေ့က ဖယ်ရှားနေစဉ်
Photo: Aung Thain Kha/ RFA

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ် ၊ စခမ်းကြီးကျေးရွာအုပ်စု အမြန်လမ်းက ကျူးကျော်တဲတွေကို တိုင်းဒေသ ကြီးအစိုးရအဖွဲ့က အခုလ ၁၂ ရက်နေ့ကစတင်ပြီး ရှင်းလင်းနေရာမှာ ဒီနေ့အထိ ကျူးကျော်တဲ အလုံးရေ ၅၀၀၀ ခန့်ရှင်းလင်းပြီးဖြစ်တယ်လို့ ရန်ကုန်တိုင်း မြို့ပြနဲ့အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးယုခိုင်က ပြော ပါတယ်။

လာမယ့် တရက်၊ နှစ်ရက်အတွင်း အားလုံးရှင်းလင်းပြီး ဖြစ်မယ့်အနေအထားရှိတယ် လို့ ညွှန်ကြားရေးမှူး ဦးယုခိုင် က ေြပာပါတယ်။

"ဒီနေ့ထိဆို ၅၀၀၀ ကျော်ကျော်လောက်ထိ ဖြစ်သွားပြီ။ ဒီတစ်ရက်နှစ်ရက်အတွင်းတော့ ပြီးလောက်အောင် လျာထားတယ်။ သို့သော်လည်း ဒီဘက်က လက်ရှိအနေအထားအရ လုပ်ငန်းသဘာဝအရ နည်းနည်း နှောင့်နှေး နေတာလေးတွေလည်းရှိတာပေါ့ ။ လုပ်တော့လုပ်နေတယ် ကျနော်တို့ မပြီးသေးဘူးပေါ့။ နောက်ထပ်ကျန် လည်း နည်းနည်းပေါ့။ နည်းနည်းပဲကျန်တော့မှာ။ အရင်မှန်းတာတော့ လေးထောင်လောက်ပေါ့။ အခုလုပ်ရင်းကိုင်ရင်းနဲ့ ငါးထောင်ကျော်လောက်ဖြစ်လာတာပေါ့"

ကျူးကျော်တဲတွေကို ရှင်းလင်းရာမှာ ကန့်ကွက်ဆန္ဒပြတဲ့အနေနဲ့ အမြန်လမ်းပေါ်တက်ပြီး အိပ်နေသူ ၅ ဦးကို ဝတ္တရားနှောင့်ယှက်မှုနဲ့ တရားစွဲဆိုထားပါတယ်။

ဒါ့အပြင် ကျူးကျော်တဲတွေကို ငွေပေးချေပြီး ဝယ်ယူခဲ့သူ ၃ ဦးက ရောင်းချခဲ့သူတွေကို လှည်ကူးရဲစခန်းမှာ လိမ်လည်မှုနဲ့ အမှုဖွင့်ထားတာရှိပြီး လိမ်လည်ရောင်း ချခဲ့သူတွေကို ထိထိရောက်ရောက် အရေးယူနိုင်ရေးအတွက် ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ ဦးယုခိုင်က ပြောပါတယ်။

လာရောက်တိုင်တန်းသူတွေရဲ့ ပြောပြချက်တွေအရ ရောင်းချသူတွေဟာ အုပ်စုဖွဲ့ပြီးလိမ်လည် ရောင်းချခဲ့ ကြတဲ့အနေအထားရှိတယ်လို့ သိရပါတယ်။

စခမ်းကြီးကျေးရွာအုပ်စု အမြန်လမ်းဘေးက ကျူးကျော်တဲ ၆၀၀၀ ဝန်းကျင်ကို တိုင်းဒေသကြီး အစိုးရအဖွဲ့က စီးပွားဖြစ်ကျူးတွေအဖြစ်သာ သတ်မှတ်ထားတာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။