ဖမ်းဆီးခံထားရတဲ့ ကျူးကျော် ၅ ဦးကို အမြန်လမ်းဥပဒေနဲ့ အမှုဖွင့်
2017.06.13

Photo: Aung Thain Kha/ RFA
ကျူးကျော်တဲတွေ လာရောက်ဖယ်ရှားတဲ့ ရဲတပ်ဖွဲ့ဝင်တွေကို ပိတ်ဆို့ပြီး လေးခွနဲ့ ပစ်ခတ်ခဲ့တာကြောင့် ဖမ်းဆီးခံ ရထားတဲ့ ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ်၊ စခန်းကြီးကျေးရွာအုပ်စု အမြန်လမ်းဘေး ၃ မိုင် ၄ ဖာလုံကနေ ၅ မိုင် ဝန်းကျင်မှာ နေထိုင်သူတွေထဲက ၅ဦးကို အမြန်လမ်းဥပဒေနဲ့ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။
မနေ့က ရန်ကုန်တိုင်းအစိုးရအဖွဲ့ ညွှန်ကြားချက်နဲ့ ကျူးကျော်တဲတွေကို ဖြိုဖျက်ဖို့ ရဲတပ်ဖွဲ့ဝင်တွေလာချိန်မှာ အမြန် လမ်းမကြီးကို ပိတ်ဆို့ပြီး ရဲတပ်ဖွဲ့ဝင်တွေကို လေးခွနဲ့ ပစ်ခတ်ခဲ့တာကြောင့် အမျိုးသား ၄ ဦးနဲ့ အမျိုးသမီး ၁ ဦးကို လှည်းကူးမြို့မ ရဲစခန်းမှာ ဖမ်းဆီးထိန်းသိမ်းထားတာဖြစ်ပါတယ်။
အမြန်လမ်းရဲတပ်ဖွဲ့က အမှုဖွင့်ထားတာဖြစ်တယ်လို့ လှည်းကူးမြို့မရဲစခန်းက ဒုရဲမှူး ဦးမောင်မောင်ဦး က ပြော ပါတယ်။
"အမြန်လမ်းဥပဒေပုဒ်မရှိတယ်၊ အဲ့ဥပဒေပုဒ်မနဲ့ အရေးယူသွားမှာပါ၊ ဒီနေ့ဖျက်သိမ်းနေတာတော့ရှိပါတယ်၊ ကျန်တာတော့ထူးခြားတာ မရှိသေးပါဘူး"
နိုင်ငံတော်စီမံကိန်း ဆောင်ရွက်မှာ ဖြစ်တာကြောင့် အမြန်လမ်းဘေး ၃ မိုင် ၄ ဖာလုံကနေ ၅ မိုင်ဝန်းကျင်မှာ ကျူးကျော်နေထိုင်သူတွေကို ၂ လအတွင်း စီမံချက်နဲ့ အပြီး ဖြိုဖျက်သွားမှာ ဖြစ်ပြီး ထပ်မံကျူးကျော် မနေထိုင်အောင် လည်း စောင့်ကြည့်သွားမှာ ဖြစ်တယ်လို့ တာဝန်ရှိသူတွေက ပြောထားပါတယ်။
လှည်းကူးမြို့နယ် စခန်းကြီးကျေးရွာ အုပ်စု စိမ်းလန်းကျေးရွာ၊ ဂန့်ဂေါ်ကျွန်း၊ အောင်ရတနာ၊ ရတနာအောင် နဲ့ အောင်သုခ စတဲ့ရွာတွေက ကျူးကျော်တဲအိမ်တွေကို တိုင်းအစိုးရရဲ့ ညွှန်ကြားချက်နဲ့ စက်ယန္တရားတွေကို အသုံးမပြုဘဲ လူအင်အား ၁ ထောင်နီး ပါးနဲ့ ရဲတပ်ဖွဲ့ဝင်အား ၂၀၀ အသုံးပြုဖြိုဖျက်ခဲ့တာဖြစ်ပြီး ဒီကနေ့မှာလည်း ကျန်ရှိနေတဲ့ နေအိမ်တွေကို ဆက်လက် ဖျက်သိမ်းနေပါတယ်။