မှော်ဘီ လျှစ်စစ်ရုံးအနီးပေါက်ကွဲမှုကြောင့် ၁၃ နှစ်အရွယ် ကလေးတစ်ဦး ထိခိုက်
ရန်ကုန်တိုင်း မှော်ဘီမြို့နယ် လျှပ်စစ်ရုံးအနားမှာ ဩဂုတ်လ ၃၀ ရက် ဒီနေ့ မနက် ၁၀ နာရီဝန်းကျင်က ပေါက်ကွဲမှုတစ်ခုဖြစ်ခဲ့ပြီး အမှိုက်ကောက်တဲ့ အသက် ၁၃ နှစ်အရွယ် ကလေးတစ်ဦး လက်ချောင်းလေးတွေ ပြတ်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရန်ကုန်-ပြည် အဝေးပြေးလမ်းမကြီးဘေးမှာရှိတဲ့ လျှစ်စစ်ရုံးအနီး စစ်ကောင်စီရဲ့လုံခြုံရေးကင်းနားမှာ ကြွပ်ကြွပ်အိတ်အမဲနဲ့ ထုပ်ပြီးချထားတဲ့ အထုပ်ကို ကောက်ကိုင်ပြီး အထဲမှာပါတဲ့ ခလုတ်နဲ့ ဖုန်းကိုနှိပ်မိရာက ပေါက်ကွဲခဲ့တာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ဒီပေါက်ကွဲမှုကြောင့် လက်ချောင်းအချို့ပြတ်သွားတဲ့ ကလေးကို မှော်ဘီမြို့နယ် ပြည်သူ့ဆေးရုံကို ပို့ဆောင် ကုသနေရတယ်လို့လည်း ဆိုပါတယ်။
ပေါက်ကွဲမှုဖြစ်ပြီးပြီးချင်း စစ်ကောင်စီဩဇာခံ ရဲနဲ့စစ်သားတွေရောက်လာပြီး အသွားအလာစစ်ဆေးတာတွေ လုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရန်ကုန်မြို့မှာ ဒီကနေ့ မနက်အစောပိုင်းကစပြီး ကမာရွတ်မြို့နယ် လှည်းတန်းစင်တာအနီး၊ စမ်းချောင်း မြို့နယ် စမ်းချောင်းလမ်းနားက လျှပ်စစ်ရုံးအနီး၊ အင်းစိန်ဘူတာနဲ့ အင်းစိန်မြို့နယ်ထဲက နေရာအချို့မှာ ပေါက်ကွဲမှုတွေဖြစ်ခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိမှု အသေးစိတ်ကိုတော့ စုံစမ်းနေဆဲဖြစ်ပါတယ်။