သီပေါမြို့ စစ်ကောင်စီ ဌာနဆိုင်ရာရုံးအားလုံး TNLA ထိန်းချုပ်
2024.08.21

ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့မှာရှိတဲ့ စစ်ကောင်စီရဲ့ ဌာနဆိုင်ရာအားလုံးကို တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) က ထိန်းချုပ်ထားနိုင်ပြီလို့ TNLA ပြောခွင့်ရသူ လွေးယေဦးက ဩဂုတ်လ ၂၁ ရက် ဒီနေ့မှာ RFA ကို အတည်ပြု ပြောဆိုပါတယ်။
လက်ရှိမှာတော့ သီပေါမြို့ပြင်မှာရှိနေတဲ့ စစ်ကောင်စီတပ်ရင်းတွေနဲ့ တိုက်ပွဲဆက်ဖြစ်နေတယ်လို လွေးယေဦးက ပြောပါတယ်။
“သီပေါမြို့တွင်းနဲ့ ဌာနဆိုင်ရာအားလုံးကိုတော့ ကျွန်မတို့ ထိန်းချုပ်ထားနိုင်ပြီ။ လက်ရှိမှာတော့ မြို့အပြင်ဘက်မှာ တိုက်ပွဲတွေ ဖြစ်ပွားနေတယ်။ လက်ရှိမြို့ပြင်ဘက်မှာရှိတဲ့ စစ်ကောင်စီရဲ့ ခလရ- ၂၃၊ ခမရ - ၅၀၃ နဲ့ ၅၀၄ တွေမှာ တိုက်ပွဲဖြစ်ပွားနေတယ်”
ဒီကိစ္စနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ ရှမ်းပြည်နယ်ပြောခွင့်ရသူ ပြည်နယ်စီးပွားရေး၀န်ကြီး ဦးခွန်သိန်းမောင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။
သီပေါမြို့က တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်ရဲ့ လေကြောင်းနဲ့ လက်နက်ကြီးတိုက်ခိုက်မှုကြောင့် ဩဂုတ်လ ၁ ရက်နေ့ကနေ ၁၉ ရက်နေ့အထိ အရပ်သား ၁၄ ဦးသေဆုံးပြီး ၄၂ ဦး ဒဏ်ရာရထားတယ်လို့ TNLA ထုတ်ပြန်ထားပါတယ်။
TNLA နဲ့ ပူးပေါင်းတပ်တွေဟာ ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းမှာ မိုးမိတ်၊ မိုးကုတ်၊ ကျောက်မဲနဲ့ နောင်ချိုမြို့တွေ ကို သိမ်းပိုက်ခဲ့တာကြောင့် လက်ရှိမှာ ၁၁ မြို့အထိ သိမ်းပိုက်ထားပါတယ်။