အီတလီနိုင်ငံ Abbiategrasso မြို့က ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ထူးဆောင်နိုင်ငံသားဆု ချီးမြှင့်

ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ အီတလီနိုင်ငံ Abbiategrasso မြို့က ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ထူးဆောင်နိုင်ငံသားဆု ချီးမြှင့်လိုက်ပါတယ်။

အီတလီနိုင်ငံ Abbiategrasso မြို့မှ ဒေါ်အောင်ဆန်းစုကြည်အား ဂုဏ်ထူးဆောင်နိုင်ငံသားဆု ချီးမြှင့်သည့် အခမ်းအနားကို ၂၀၂၄ ခုနှစ် ဇွန်လ ၁၅ ရက်နေ့က တွေ့ရစဉ်။ Asia News

ဇွန်လ ၁၉ ရက်နေ့မှာကျရောက်တဲ့ ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ အီတလီနိုင်ငံ Abbiategrasso မြို့က ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ထူးဆောင်နိုင်ငံသားဆု ချီးမြှင့်လိုက်ပါတယ်။ ဒီဆုကို သားဖြစ်သူ Kim Aris (ခေါ်) ကိုထိန်လင်းက တက်ရောက်ရယူခဲ့ပါတယ်။

ဇွန်လ ၁၅ ရက်နေ့က ဆုပေးပွဲအခမ်းအနားမှာ Kim Aris က မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ ပြီးဆုံးပြီး စစ်တပ်ကျရှုံးမှာဖြစ်တယ်၊ မြန်မာပြည်မှာ လူတိုင်းမလွတ်မြောက်မချင်း ဘယ်သူမှ လွတ်မြောက်မှာမဟုတ်ဘူးလို့ ပြောခဲ့ပါတယ်။ သူ့မိခင်ကို လွန်ခဲ့တဲ့ သုံးနှစ်ခွဲ အာဏာမသိမ်းခင် ရက်ပိုင်းမှာပဲ စကားပြောခဲ့ရကြောင်း၊ အဲဒီထဲက အခုအချိန်ထိ စာလေးတစ်စောင်ပဲ သူ့အမေဆီက ရခဲ့ကြောင်း ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည် နေပြည်တော်အကျဉ်းထောင်မှာပဲ ရှိနေပြီး သူ့ရဲ့အိမ်ကိုလည်း စစ်ကောင်စီက ရောင်းချဖို့ ကြိုးစားနေတယ်လို့ Kim Aris က ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးအတွက် သူစိုးရိမ်ကြောင်းနဲ့ သူ့ မိခင်ကို ချက်ချင်း ပြန်လွှတ်ပေးဖို့လည်း Kim Aris က တောင်းဆိုလိုက်ပါတယ်။

ဒီအခမ်းအနားကို Abbiategrasso မြို့တော်ဝန်၊ အီတလီလွှတ်တော်အမတ်ဟောင်းလည်းဖြစ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ သူငယ်ချင်းလည်းဖြစ်တဲ့ Albertino Solianli အပါအဝင် အီတလီလွှတ်တော်အမတ်တွေနဲ့ မြန်မာနိုင်ငံဆိုင်ရာ အီတလီသံအမတ်ဟောင်း Alessandra Schiavo တို့ တက်ရောက်ခဲ့ကြပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် စစ်တပ်အာဏာသိမ်းတဲ့နေ့မှာ ဖမ်းဆီးခံခဲ့ရပြီးနောက် စစ်ကောင်စီက သူ့ကို အမှု ၁၉ မှုနဲ့ ထောင်ဒဏ် ၃၃ နှစ်ချမှတ်ခဲ့ပါတယ်။ ၂၀၂၃ ခုနှစ် ဩဂုတ်လ ၁ ရက်နေ့မှာ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ခြောက်နှစ်လျှော့ပေါ့ပေးခဲ့ပြီး လက်ရှိမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ ထောင်ဒဏ် ၂၇ နှစ် ချမှတ်ခံနေရဆဲ ဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org