မိုင်ဂျာယန်အနီး ပါကထောင် ဒုက္ခသည်စခန်း အသစ်ပြန်ဆောက်ဖို့လိုအပ်

2022.05.18
မိုင်ဂျာယန်အနီး ပါကထောင် ဒုက္ခသည်စခန်း အသစ်ပြန်ဆောက်ဖို့လိုအပ် ကချင်ပြည်နယ် မိုင်ဂျာယန်မြို့အနီးက ပါကထောင် ဒုက္ခသည်စခန်းကို ၂၀၂၂ ခုနှစ် မေလက တွေ့ရစဉ်
Photo: RFA

ကချင်ပြည်နယ် မိုင်ဂျာယန်မြို့အနီး ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ထိန်းချုပ်နယ်မြေ တရုတ်ပြည် နယ်စပ်မှာရှိတဲ့ ပါကထောင် စစ်ဘေးဒုက္ခသည်စခန်းက နေအိမ်အဆောင် တွေဟာ ဆွေးမြည့်နေပြီဖြစ်လို့ နေအိမ်အသစ်ဆောက်ဖို့ အကူအညီ လိုအပ်နေတယ်လို့ စခန်းတာဝန်ရှိသူတွေက ပြောပါတယ်။

ရှစ်နှစ်ကျော် ဆောက်လုပ်ထားတဲ့ နေအိမ်အဆောင်တွေဟာ ရာသီဥတုဒဏ်တွေကြောင့် အခုဆို လေပြင်းတိုက်ရင် ပြိုလဲမယ့်အခြေအနေမို့ အသစ်ပြန်ပြင်ဆောက်ဖို့ လိုအပ်နေပြီလို့ စခန်းတာဝန်ခံ ဦးတူရိန်က RFA ကို ပြောပါတယ်။

“အခုတောင် သွပ်တွေလန်နေလို့ မိုးရွာရင် ပစ္စည်းတွေ ရေစိုတာတွေဖြစ်တယ်။ လေတိုက်လာရင်လည်း စိုးရိမ် နေကြတယ်။ ကြည့်လိုက်ရင်တော့ အကောင်းအတိုင်းပဲ။ ဒါပေမဲ့ တိုင်တွေက မြေကြီးမှာ မစိုက်တော့ဘူး၊ အကုန်ဆွေးကုန်ပြီ။ အိမ်တွေလည်း ဆွေးတာများသွားပြီ။ ရှိတဲ့အိမ်တွေလည်း တိုင်တွေ ဆွေးကုန်ပြီ။ ထရံတွေလည်း ဆွေးကုန်ပြီ။ အိမ်ခေါင်မိုးသွပ်ကို ဖိထားတဲ့ဟာတွေ အကုန်ဆွေးပြီ။ လေတိုက်လာရင် မလွယ်တော့ဘူး ”

လူမှုအဖွဲ့အစည်းတွေကလည်း လက်ရှိမှာ အိမ်ထောင်စု ၂၀၀ အတွက် နေအိမ်အသစ် ဆောက်လုပ်နေပေမယ့် တရုတ်နိုင်ငံဘက်က လမ်းတွေပိတ်ထားတာမို့ နေအိမ် ဆောက်လုပ်ဖို့ ပစ္စည်းတွေ သယ်ယူရာမှာ ခက်ခဲနေတယ်လို့လည်း ပြောပါတယ်။

အဲဒီစခန်းမှာ ကျေးရွာပေါင်း ၁၃၄ ရွာက အိမ်ထောင်စုပေါင်း ၆၁၁ စု၊ လူဦးရေ ၃၀၀၀ နီးပါးတို့ဟာ လွန်ခဲ့တဲ့ ၂၀၁၁ ခုနှစ် စစ်တပ်နဲ့ KIA တို့ တိုက်ပွဲတွေဖြစ်ကတည်းက နေထိုင်နေကြတာ ဖြစ်ပါတယ်။

အခုနေ နေတဲ့ စစ်ဘေးဒုက္ခသည်စခန်းက နေအိမ်အဆောင်တွေကို လွန်ခဲ့တဲ့ ၂၀၁၄ ခုနှစ်က ဆောက်လုပ် ထားတာလို့လည်း ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။