တောင်ကြီးမြို့က သတင်းထောက် ကိုခိုင်မြင့်ထွန်း ထောင် ၁၀ နှစ် အမိန့်ချခံရ
ရှမ်းပြည်နယ် တောင်ကြီးမြို့က သတင်းထောက် ကိုခိုင်မြင့်ထွန်းဟာ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေနဲ့ စွပ်စွဲခံရပြီး ဧပြီလ ၅ ရက် မနေ့က ညောင်ရွှေ ထောင်တွင်း တရားရုံးကနေ ထောင်ဒဏ် ၁၀ နှစ် အမိန့်ချခံလိုက်ရတယ်လို့ မိသားစုနဲ့ နီးစပ်သူက ပြောပါတယ်။
ကိုခိုင်မြင့်ထွန်း (ခ) ရွှေလင်းသစ်ဟာ ညောင်ရွှေအကျဉ်းထောင်မှာ ကိုးလကြာ ဖမ်းဆီး ခံခဲ့ရပြီး အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၁ (ဂ) နဲ့ အခုလို အမိန့်ချခံလိုက် ရတာလို့ မိသားစုနဲ့ နီးစပ်သူတစ်ဦး က RFA ကို ပြောပါတယ်။
"သတင်းထောက်တွေ ဖမ်းပြီ၊ ကဗျာဆရာတွေလည်း ဖမ်းပြီဆိုတော့ တစ်ပတ်လောက်ပဲ ရှောင်လိုက်တာ။ ပြီးမှ အိမ်ပြန်ပြီး အေးဆေးနေတုန်း PDF သင်တန်းတက်တယ်ဆိုပြီး ဖမ်းသွားတာ။ ဆန္ဒပြတုန်းကတော့ ပါတာပေါ့နော်။ သတင်းထောက်တစ်ယောက် ထောင် ၁၀ နှစ်က ဘာမှမဆိုင်ပါဘူး။ ဘာလက်နက်မှ မတွေ့ဘူး။ ဘာပစ္စည်း သက်သေ အထောက်အထားမှ မတွေ့ဘူး"
ကိုခိုင်မြင့်ထွန်းဟာ စစ်ကြောရေးအတွင်း ရိုက်နှက်ခံထားရတဲ့ဒဏ်ကြောင့် နားတစ်ဖက် ကောင်းမွန်စွာ မကြားနိုင်တော့သလို သူ့ဆီ ထောင်ဝင်စာပို့ခွင့်ရပေမယ့်လည်း မိသားစု နဲ့တော့ တွေ့ခွင့်မရဘူးလို့ ပြောပါတယ်။
ကိုခိုင်မြင့်ထွန်းနဲ့ ဇနီးဖြစ်သူတို့ဟာ တောင်ကြီးမြို့နေအိမ်မှာ ပြီးခဲ့တဲ့နှစ် ဇူလိုင် ၁၁ ရက်က စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေရဲ့ ဖမ်းဆီးတာခံခဲ့ရပြီး ဇနီးဖြစ်သူကတော့ တစ်ပတ်အကြာမှာ ပြန်လွတ်ခဲ့တယ်လို့ ဆိုပါတယ်။
သူဟာ ရွှေတြိဂံ သတင်းဌာနမှာ လုပ်ကိုင်ခဲ့ပြီး စစ်တပ်က အာဏာသိမ်းပြီးနောက် သတင်း ထောက် အလုပ်ကနေ အနားယူခဲ့သူဖြစ်တယ်လို့လည်း နီးစပ်သူက ပြောပါတယ်။
မန္တလေးအခြေစိုက် Channel Mandalay သတင်းထောက်ချုပ် ကိုဝင်းနိုင်ဦးဟာလည်း အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂ (က) နဲ့ စွပ်စွဲခံရပြီး ဧပြီလ ၅ ရက် မနေ့ကပဲ ထောင်ဒဏ် ငါးနှစ် အမိန့်ချခံလိုက်ရပါတယ်။
၂၀၂၂ ခုနှစ် မတ်လကနေ အခု ဧပြီ ၅ ရက်အတွင်းမှာ စစ်ကောင်စီဟာ သတင်းသမား ရှစ်ယောက်ကို ထောင်ဒဏ်အသီးသီး ချမှတ်ခဲ့ပြီး အမှုဆက်လက်ရင်ဆိုင်နေရတဲ့ သတင်း သမားတွေလည်း ရှိနေပါတယ်။