ခင်ဦးမြို့ပစ်ခတ်မှု နှစ်ယောက် သေဆုံး

2021.03.26
ခင်ဦးမြို့ပစ်ခတ်မှု နှစ်ယောက် သေဆုံး စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့မှာ ၂၀၂၁၊ မတ် ၂၅ ရက်နေ့က စစ်ကောင်စီတပ်ပစ်ခတ်လို့ ဒဏ်ရာရခဲ့သူတစ်ဦးကို တွေ့ရစဉ်
Photo: CJ
စစ်ကိုင်းတိုင်း ခင်ဦးမြို့မှာ၊ မတ်လ ၂၅ ရက် မနေ့နေ့လယ်ပိုင်းက ပစ်ခတ်မှုအတွင်း လူငယ်နှစ်ဦး သေဆုံး၊ တစ်ဦး ဒဏ်ရာရပြီး ၂၁ ဦး အဖမ်းခံထားရပါတယ်။
 
သေဆုံးသူ နှစ်ဦးကတော့ အသက် ၁၉ နှစ်အရွယ်တွေဖြစ်ကြတဲ့ ကိုတိုးဇော်အောင်နဲ့ ကိုဇော်ဝင်းမောင် တို့ဖြစ်ပါတယ်။
 
ကိုတိုးဇော်အောင် က ခင်ဦးမြို့နယ် ကန်သစ်ရွာကဖြစ်ပြီး၊ ကိုဇော်ဝင်းမောင်ကတော့ ခင်ဦးမြို့ မြကန်သာ ရပ်ကွက်က ဖြစ်ပါတယ်။
 
ကန်သာရွာသား ကိုတိုးဇော်အောင်ရဲ့ ရုပ်အလောင်းကို မိသားစုက ဒီကနေ့ မတ်လ ၂၆ ရက်နေ့မှာ ရွှေဘို ဆေးရုံကြီး ရင်ခွဲရုံကနေ ထုတ်ယူပြီး ချက်ချင်းသင်္ဂြိုဟ်မယ်လို့ မိသားစုနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။
 
ခင်ဦးမြို့က ကိုဇော်ဝင်းမောင် ကတော့ ဇနီးဖြစ်သူကိုယ်တိုင် ဆန္ဒပြပွဲမှာပါဝင်ပြီး ရှောင်တိမ်းနေရတာကြောင့် ရုပ်အလောင်းကို ထုတ်ယူသင်္ဂြိုဟ်မယ့်သူ မရှိသေးဘူးလို့ မြကန်သာရပ်ကွက် ဒေသခံတွေက ပြောပါတယ်။
 
ရာဘာကျည်ထိမှန်ပြီး ဒဏ်ရာရသူကတော့ ခင်ဦးမြို့နယ် သရက်ကန်ရွာက အသက် ၃၅ နှစ်အရွယ် ကိုမင်းကိုဦး ဖြစ်တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
 
ခင်ဦးမြို့မှာ မတ်လ ၂၅ ရက်နေ့မနက်ပိုင်းက စစ်အာဏာသိမ်း ဆန့်ကျင်ရေး လူထုဆန္ဒပြပွဲကို ရဲနဲ့ စစ်တပ်က ပစ်ခတ်ဖြိုခွင်းတာကြောင့် နှစ်ဦးသေ၊ တစ်ဦး ဒဏ်ရာရပြီး စုစုပေါင်း လူ ၂၁ ဦး ဖမ်းဆီးခံထားရကြောင်း ဒေသခံတွေ၊ မျက်မြင်တွေ့ရှိသူတွေက ပြောပါတယ်။
 
သေဆုံးသူတွေဟာ မနေ့က ပစ်ခတ်ခံရချိန်မှာ ဒဏ်ရာမပြင်းထန်ပေမယ့် ခင်ဦးမြို့ မြေထူးဘုန်းကြီးကျောင်းမှာ ကယ်ဆယ်ရေးလုပ်နေတဲ့ ဆရာဝန်တွေက ဆေးကုသပေးနေစဉ် ရဲနဲ့ စစ်သားတွေရောက်လာပြီး ဘုန်းကြီး ကျောင်းကို ဝင်စီးခဲ့တာကြောင့် အချိန်မီ ဆေးကုသခွင့်မရဘဲ သွေးထွက်လွန်ပြီး သေဆုံးခဲ့တာလို့ မျက်မြင် တွေ့ရှိသူတွေက ပြောပါတယ်။
 
ဆန္ဒပြပွဲ ပစ်ခတ်ဖြိုခွင်းခံရပြီးတဲ့နောက် ဆန္ဒပြသူတွေစီးလာတဲ့ ဆိုင်ကယ် အစီး ၇၀ လောက်ကိုလည်း ရဲနဲ့စစ်သားတွေက တချို့ကို ရိုက်ချိုးဖျက်ဆီး၊ တချို့ကို ကားနဲ့သိမ်းယူသွားခဲ့တယ်လို့ ဆန္ဒပြလူငယ်တွေက RFA ကို ပြောပါတယ်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။