KIA သိမ်းပိုက်ခဲ့တဲ့ စခန်းကုန်းတွေကို NUG ဝန်ကြီးနဲ့ KIA စစ်ဦးစီးချုပ် သွားရောက်စစ်ဆေး

RFA Burmese
2024.01.27
KIA သိမ်းပိုက်ခဲ့တဲ့ စခန်းကုန်းတွေကို NUG ဝန်ကြီးနဲ့ KIA စစ်ဦးစီးချုပ် သွားရောက်စစ်ဆေး ကချင်ပြည်နယ် မံစီမြို့နယ်၊ မန်ဝိန်းကြီးနယ်မြေအတွင်းရှိ KIA နှင့် ပူးပေါင်းတပ်များ သိမ်းပိုက်ခဲ့သည့် စခန်းကုန်းများအား NUG ကာကွယ်ရေးဝန်ကြီးဌာန ဝန်ကြီး ဦးရည်မွန်နှင့် KIA စစ်ဦးစီးချုပ် ဒုဗိုလ်ချုပ်ကြီး ခေါင်လွန်းတို့ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၂၅ ရက်နေ့က လှည့်လည်စစ်ဆေးနေစဉ်။
Ministry of Defence NUG

ကချင်ပြည်နယ် မံစီမြို့နယ်၊ မန်ဝိန်းကြီးနယ်မြေအတွင်းမှာ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) က သိမ်းပိုက်ခဲ့တဲ့ စခန်းကုန်းတွေကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်နဲ့ KIA ရဲ့ စစ်ဦးစီးချုပ် ဒုဗိုလ်ချုပ်ကြီးခေါင်လွန်းတို့ ဇန်နဝါရီလ တတိယပတ်ထဲမှာ သွားရောက်စစ်ဆေးခဲ့တယ်လို့ NUG က သတင်းထုတ်ပြန်ပါတယ်။

သိမ်းပိုက်ရရှိတဲ့ စစ်လက်နက်ပစ္စည်းတွေကို တော်လှန်ရေးရဲဘော်တွေဆီ တပ်ဆင်ပေးသွားမယ်လို့ NUG ရဲ့ ဇန်နဝါရီလ ၂၇ ရက်နေ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

NUG ဝန်ကြီးရဲ့ ကချင်ပြည်နယ်ခရီးစဉ်အတွင်း KIA က သိမ်းထားတဲ့ စခန်းကုန်းတွေ၊ မြို့တွေ၊ ရွာတွေနဲ့ စစ်လက်နက်ပစ္စည်းတွေကို စစ်ဆေးခဲ့သလို ဖမ်းဆီးမိတဲ့ စစ်သုံ့ပန်းတွေနဲ့ ပြည်သူ့ဘက်ပြောင်းထားတဲ့ ဝန်ထမ်းတွေနဲ့လည်း တွေ့ဆုံခဲ့တယ်လို့ ဆိုပါတယ်။

KIA နဲ့ ပူးပေါင်းတပ်တွေဟာ ကချင်ပြည်နယ်၊ မံစီမြို့နယ် မန်ဝိန်းကြီးရွာအနီး စစ်ကောင်စီတပ်စခန်းကို ဇန်နဝါရီလ ၂၁ ရက်နေ့က သိမ်းပိုက်နိုင်ခဲ့သလို အဲ့ဒီနေ့ကပဲ ရှမ်းပြည်နယ်မြောက်ပိုင်း၊ မဘိမ်းမြို့ကိုလည်း သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ဒါ့အပြင် ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်-မူဆယ် လမ်းမကြီးပေါ်က နမ့်ဖတ်ကာ ကျေးရွာအခြေစိုက် စစ်ကောင်စီရဲ့ ခလရ (၁၂၃) တပ်ရင်းကိုလည်း KIA က ဇန်နဝါရီ ၂၄ ရက် ညနေပိုင်းမှာ တိုက်ခိုက်သိမ်းယူခဲ့တယ်လို့ KIO သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူ က RFA ကို ပြောထားပါတယ်။

နမ့်ဖတ်ကာတိုက်ပွဲတွေအတွင်းမှာ အရပ်သား ၁၈ ဦးသေဆုံးပြီး ရှစ်ဦး ဒဏ်ရာရခဲ့တယ်လို့ တအာင်းအမျိုးသမီးအဖွဲ့အစည်း (TWO) က ဇန်နဝါရီလ ၂၅ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။