မတူပီမှာ ခရစ်ယာန် ဓမ္မဆရာနှစ်ဦး မိုင်းနင်းမိပြီး ပြင်းထန်ဒဏ်ရာရ
ချင်းပြည်နယ် မတူပီမြို့နယ် ရေဇွာကျေးရွာက မူလတန်းကျောင်းဝင်းထဲမှာ ဧပြီလ ၂ ရက်နေ့က ခရစ်ယာန် ဓမ္မဆရာနှစ်ဦး မိုင်းနင်းမိပြီး ဒဏ်ရာရသွားတယ်လို့ ဒေသခံတွေက RFA ကို ဒီနေ့ပြောပါတယ်။
မိုင်းနင်းမိတဲ့ ဓမ္မဆရာနှစ်ဦးဟာ အသက် ၃၇ နှစ်အရွယ် ဦးရိုးမျိုနဲ့ အသက် ၄၃ နှစ်အရွယ် ဦးတိန်ဇလျန်တို့ ဖြစ်ပါတယ်။
အဲဒီအထဲက ဦးတိန်ဇလျန်ကတော့ ခြေတစ်ဖက် ဖြတ်တောက်လိုက်ရတာကြောင့် အိန္ဒိယနိုင်ငံ မီဇိုရမ်မှာ ဆေးကုသမှု ခံယူနေရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။
“သူတို့က တခြားရွာကို သွားရင်းနဲ့ အဲ့ကျောင်းကို ဝင်ကြည့်တာ။ အဲဒါ အရင်တုန်းကတော့ မတူပီကနေ စစ်ကူလာတဲ့ စစ်ကောင်စီတပ်သားတွေ တပ်စွဲထားတာလေ။ အခုက စစ်ကူတွေက ပြန်သွားပြီ။ သူတို့ ထောင်ထားခဲ့တဲ့ မိုင်းပေါ့။ နင်းမိတဲ့ တစ်ယောက်ကတော့ ခြေတစ်ဖက် ဖြတ်လိုက်ရတယ်”
အဲဒီမိုင်းဟာ ချင်းဒေသကာကွယ်ရေးအဖွဲ့ (CDF) က ထောင်ထားတဲ့ မိုင်းဖြစ်ပြီး ဓမ္မဆရာနှစ်ဦး ထိခိုက်ခဲ့တာ အပြင် ကျောင်းအဆောက်အအုံပါ ပျက်စီးခဲ့တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။
ဒါပေမဲ့ ချင်းဒေသကာကွယ်ရေးအဖွဲ့ (CDF) ရေဇွာကတော့ အဲဒီမိုင်းဟာ မတူပီမြို့နယ်ကနေ ရေဇွာမြို့ကို စစ်ကူ လာရောက်ခဲ့တဲ့ စစ်ကောင်စီတပ်သားတွေက ထောင်ထားခဲ့တာလို့ ပြောပါတယ်။
အဲဒီ ထောင်မိုင်းတွေကို စစ်ကောင်စီတပ်သားတွေက ပြန်မရှင်းခဲ့တာကြောင့် ဒေသခံတွေအနေနဲ့ အဲဒီအနီးအနားပတ်ဝန်းကျင်ကို အသွားအလာ မလုပ်ကြဖို့ CDF ရေဇွာက သတိပေးထုတ်ပြန်ထားပါတယ်။
အာဏာသိမ်းပြီးနောက် ချင်းပြည်နယ်မှာ မိုင်းကြောင့် သေဆုံးသူ ၅ ဦးအထိ ရှိနေပြီဖြစ်ပါတယ်။