လားရှိုးမှာ လေကြောင်းဗုံးကြဲခံရပြီး အရပ်သား သုံးဦးသေ၊ နှစ်ဦးဒဏ်ရာရ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့နယ် အီနိုင်းကျေးရွာ (Einaing village) ကို စစ်ကောင်စီက အောက်တိုဘာ ၁၄ ရက် ဒီနေ့ မနက်အစောပိုင်းက လေယာဉ်နဲ့ဗုံးကြဲချခဲ့တာကြောင့် ဒေသခံအမျိုးသား သုံးဦး ပွဲချင်းပြီးသေဆုံးပြီး နောက်ထပ် ကလေး တစ်ဦးပါအဝင် နှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ လားရှိုးမြို့ခံတွေက RFA ကို ပြောပါတယ်။

သေဆုံးသူတွေဟာ အသက် ၄၀ ကျော်အရွယ် အမျိုးသားတွေချည်းဖြစ်ပြီး ဒဏ်ရာရသူကတော့ အသက် ၄၀ ကျော်အရွယ် အမျိုးသမီး တစ်ဦးနဲ့ ကျား၊ မ မသိရသေးတဲ့ အသက် ၄ နှစ်အရွယ် ကလေး တစ်ဦးဖြစ်ပါတယ်။

ထိခိုက်ဒဏ်ရာ ရသူတွေကို လုံခြုံတဲ့နေရာကို ရွှေ့ပြောင်းပြီး ဆေးကုသမှုပေးနေတယ်လို့ လုံခြုံရေးကြောင့် အမည်မဖော်လိုတဲ့ လားရှိုးမြို့က ဒေသခံအမျိုးသားတစ်ဦးက RFA ကို ပြောပါတယ်။

"ဒဏ်ရာရတဲ့ အမျိုးသားတွေကတော့ နေရာမှာတင်ဆုံးကြတာ။ ရှောင်တိမ်းချိန်မရဘဲ ဗုံးကြဲတဲ့အချိန်မှာ သူတို့အိမ်အပေါ် တည့်တည့်ကျပြီး ဆုံးသွားတာ"

MNDAA လက်အောက်ခံ လားရှိုးမြို့ ပြန်လည်ထူးထောင်ရေးအဖွဲ့ကတော့ စစ်ကောင်စီက အီနိုင်းရွာအပေါ်ကို လေကြောင်းကနေ ပေါင် ၅၀၀ ဗုံးနှစ်လုံး အပါအဝင် ဗုံးခုနစ်လုံး ကြဲချခဲ့တာဖြစ်ပြီး ခရစ်ယာန်ဘုရားကျောင်း တစ်ကျောင်းအပါအဝင် နေအိမ် ငါးလုံးထက်မနည်း ပျက်စီးသွားတယ်လို့ ဒီနေ့မနက်က သတင်းထုတ် ပြန်ပါတယ်။

အီနိုင်းရွာအနီးမှာ တိုက်ပွဲဖြစ်ပွားတာမရှိဘဲ စစ်ကောင်စီဘက်က လေယာဉ်နဲ့ ဗုံးကြဲချခဲ့တာလို့လည်း ဒေသခံတွေက ပြောပါတယ်။

ဒီဖြစ်စဉ်နဲ့ ပက်သက်လို့ စစ်ကောင်စီဘက်က တစ်စုံတစ်ရာ သတင်းမထုတ်ပြန်သေးသလို စစ်ကောင်စီရဲ့ ရှမ်းပြည်နယ် ပြောခွင့်ရ စီးပွားရေးဝန်ကြီး ဦးခွန်သိမ်းမောင်ကို RFAက တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံ မဖြေဆိုပါဘူး။

တကျော့ပြန် ၁၀၂၇ စစ်ဆင်ရေး ကာလအတွင်းမှာတော့ အီနိုင်းရွာအနီးမှာ တိုက်ပွဲတွေပြင်းထန်ခဲ့သလို ကျေးရွာအတွင်း လက်နက်ကြီးတွေ မကြာခဏ ကျရောက်ခဲ့တာကြောင့် လူဦးရေ တစ်ထောင်ကျော်ခန့်ရှိတဲ့ ကျေးရွာသားတွေအားလုံး ဘေးလွတ်ရာကို ထွက်ပြေးခဲ့ရပါတယ်။

MNDAA က လားရှိုးမြို့ကို သိမ်းပိုက်ခဲ့ပြီး၊ ပြီးခဲ့တဲ့ သြဂုတ်လဆန်းပိုင်းမှာမှ အီနိုင်းကျေးရွာသားတွေဟာ နေရပ်ပြန်လာခဲ့ကြတာပါ။

ဒီနေ့မနက်က လေယာဉ်နဲ့ ဗုံးကြဲခံရအပြီးမှာတော့ ကျေးရွာသားအချို့ ဘေးလွတ်ရာကို ထပ်မံတိမ်းရှောင်သွားကြ တယ်လို့ ဒေသခံအချို့က ပြောပါတယ်။

၂၀၂၄ ခုနှစ်၊ ဇူလိုင်လကစပြီး လားရှိုးမြို့ကို စစ်ကောင်စီက လေကြောင်းကနေ အကြိမ်နှစ်ဆယ်ကျော် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး သုံးလအတွင်း အရပ်သား သုံးဦး သေဆုံးပြီး နောက်ထပ် လူတစ်ရာကျော် ထိခိုက်ဒဏ်ရာရတယ်လို့ MNDAA က အောက်တိုဘာလ ၄ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။