ပျောက်ဆုံး တောင်တက် သမား နှစ်ဦးကို စတင်ရှာဖွေ
ခါကာဘိုရာဇီတောင်ထိပ်ကို တက်ရောက်နိုင်ခဲ့တဲ့ မြန်မာနိုင်ငံခြေလျင် နဲ့ တောင်တက်အဖွဲ့က အဖွဲ့ ခေါင်းဆောင်နဲ့ မန်နေဂျာတို့ ၂ ဦး အဆက်အသွယ်ပြတ်ပြီး ပျောက်ဆုံးနေ တာ ဒီကနေ့ ဆိုရင် ၁၁ ရက်ကြာနေပြီ ဖြစ်ပြီး၊ သူတို့ကို ရှာဖွေမှုတွေ စတင်ပြုလုပ်နေပြီလို့ သိရပါတယ်။
-
2014-09-11 -
-
-
Your browser doesn’t support HTML5 audio
ခါကာဘိုရာဇီတောင်ထိပ်ကို တက်ရောက်နိုင်ခဲ့တဲ့ မြန်မာနိုင်ငံခြေလျင်နဲ့ တောင်တက်အဖွဲ့က အဖွဲ့ ခေါင်းဆောင်နဲ့ မန်နေဂျာတို့ ၂ ဦး အဆက်အသွယ်ပြတ်ပြီး ပျောက်ဆုံးနေတာ ဒီကနေ့ ဆိုရင် ၁၁ ရက်ကြာနေပြီ ဖြစ်ပြီး၊ သူတို့ကို ရှာဖွေမှုတွေ စတင်ပြုလုပ်နေပြီလို့ သိရပါတယ်။
ပျောက်ဆုံးနေသူတွေကတော့ တောင်တက်အဖွဲ့ရဲ့ အဖွဲ့ခေါင်းဆောင်ဖြစ်တဲ့ ကိုအောင်မြင့်မြတ်နဲ့ အဖွဲ့ မန်နေဂျာ ကိုဝေယံမင်းသူတို့ဖြစ်ပြီး ရှာဖွေကယ်ဆယ်ရေးအဖွဲ့တွေဟာ ဒီကနေ့ နေ့လည် ၃ နာရီ ဝန်းကျင်က ကချင်ပြည်နယ် ပန်နန်းဒင်သို့ ရောက်ရှိလာပြီး ရှာဖွေကယ်ဆယ်ရေးတွေ စတင်နေပြီလို့ တက္ကသိုလ်ခြေလျင်နှင့် တောင်တက် အသင်း အလုပ်အမှုဆောင် ကိုထွန်းလှအောင်က ပြောပါတယ်၊
"အဆက်အသွယ်မရဆိုတာကတော့ ကိုအောင်မြင့်မြတ်နဲ့ ကိုဝေယံမင်းသူကတော့ ဒီနေ့အချိန်အထိ ဘာမှ အဆက်အသွယ်မရသေးဘူး၊ နောက်ဆုံး ရောက်ရှိလာခြင်းလည်း မရှိသေးပါဘူး၊ ကျနော်တို့ ကယ်ဆယ်ရေးလုပ်နေတဲ့အဖွဲ့တွေကလည်း ဒီနေ့ ရဟတ်ယာဉ်နဲ့ ပူတာအိုကနေ ဆက်လက်ထွက်ခွာ သွားတယ်လို့ ကြားသိထားပါတယ်၊ ထူးဖောင်းဒေးရှင်းကတော့ ဒီအဆက်အသွယ်မရတဲ့ ၂ ယောက်ကို သူတို့ အတက်နိုင်ဆုံး အကောင်ဆုံးဖြစ်အောင် ကြိုးစားပြီးတော့ တွေ့အောင်ရှာဖွေပါမယ်လို့တော့ သူတို့ပြောထားပါတယ်ခင်ဗျာ၊ ပြီးတော့ ဒေသခံ အဏာပိုင်အဖွဲ့အစည်းတွေကလည်း လိုအပ်တာတွေ ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးနေပါတယ်ခင်ဗျ၊ ကျနော်တို့ ကယ်ဆယ်ရေး ဆောင်ရွက်နေတဲ့ ပူတာအိုမြို့အခြေစိုက်ကလည်း သူတို့မိသားစုတွေကို ဒီနေ့ ကော်မတီအဖွဲ့ကလည်း ခေါ်သွားပေး ပါတယ်"
သူတို့ ၂ ဦးဟာ ခါကာဘိုရာဇီတောင်သို့ ပထမဆုံးတက်ရောက်နိုင်ခဲ့ကြတဲ့ မြန်မာနိုင်ငံသား တောင်တက် သမားတွေ ဖြစ်ပါတယ်၊ အဖွဲ့ဝင် ၈ ဦးပါတဲ့ အဲ့ဒီ တောင်တက်အဖွဲ့ထဲက ၆ ဦးဟာ တောင်အောက်ခြေမှာ ကျန်ခဲ့တာဖြစ်ပြီး သူတို့ ၂ ဦးပဲ ခါကာဘိုရာဇီတောင်ထိပ်ကို တက်ခဲ့ကြတာ ဖြစ်ပါတယ်၊
ဒီတောင်တက်သမား ၂ ဦးဟာ ပြီးခဲ့တဲ့ သြဂုတ်လ ၃၁ ရက်နေ့ ညနေ ၄ နာရီကျော်လောက်မှာ ထောင်ထိပ် ကိုရောက်ခဲ့ပြီး မြန်မာနိုင်ငံရဲ့ အလံကို စိုက်ထူခဲ့ပြီးတဲ့နောက် တောင်အောက်ကို ပြန်ဆင်းချိန် ညနေ ၅ နာရီ ဝင်းကျင်လောက်ကစပြီး တောင်ခြေမှာ ကျန်ခဲ့တဲ့ အဖွဲ့တွေနဲ့ အဆက်အသွယ် ပြတ်သွားခဲ့ကြတာ ဖြစ်ပါတယ် ၊ တောင်ခြေမှာ ကျန်ခဲ့တဲ့အဖွဲ့တွေက ကြိုးစားရှာဖွေ နေပေမယ့် ၉ ရက်ကြာတဲ့အထိ အခြေအနေမထူးလာ တာကြောင့် သက်ဆိုင်ရာအဖွဲ့အစည်းတွေကို အကြောင်းကြားပြီး မနေ့က စတင်ကာ ကယ်ဆယ်ရေးတွေလုပ်ဖို့ စီစဉ်ခဲ့ကြတာဖြစ်ပါတယ်။
လက်ရှိမှာတော့ ဒေသရာသီဥတုမှာ မြူနှင်းတွေ အုံ့ဆိုင်းနေပြီး မြင်နိုင်စွမ်း နည်းတာကြောင့် ရဟတ်ယာဉ်တွေနဲ့ ပျံသန်းရှာဖွေဖို့ အခက်အခဲရှိနေပြီး တခြားနိုင်ငံတွေက အရေးပေါ် ကယ်ဆယ်ရေးအဖွဲ့တွေနဲ့ ငှားရမ်းရှာဖွေဖို့ ပြင် ဆင်နေတယ်လို့လည်း သိရပါတယ်။
ဒီအကြောင်း တက္ကသိုလ် ခြေလျင်တောင်တက်အသင်းက အလုပ်အမှုဆောင် ကိုထွန်းလှအောင်ကို RFA အဖွဲ့သူ မသင်းသီရိက ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။