မွန်ပြည်နယ် တိုက်ပွဲတွေအတွင်း အလွတ်သတင်းထောက် တစ်ဦး ပျောက်ဆုံးနေ
2014.10.20

လွန်ခဲ့တဲ့လက မွန်ပြည်နယ်အတွင်း အစိုးရတပ်တွေနဲ့ DKBA တပ်တွေကြား တိုက်ပွဲတွေ ဖြစ်ပွားနေချိန် အတွင်း ပျောက်ဆုံးသွားခဲ့တဲ့ အလွတ်သတင်းထောက် ကိုပါကြီး ခေါ် ကိုအောင်ကျော်နိုင်ကို အစိုးရစစ်တပ်က ဖမ်းဆီးသွားတာဖြစ်တယ်လို့ ကိုပါကြီးရဲ့ဇနီးမသန္တာက RFA ကို ပြောပါတယ်။
ကိုပါကြီးဟာ ပြီးခဲ့တဲ့စက်တင်ဘာလ ၂၈ ရက်နေ့က ကျိုက်မရောမြို့နယ်အတွင်း ပျောက်ဆုံးသွားခဲ့တာပါ။ ဒီကိစ္စနဲ့ပတ်သက်ပြီး အောက်တိုဘာလ ၁၉ ရက်နေ့မှာ မွန်အမျိုးသားပါတီက တာဝန်ရှိသူတွေနဲ့ ကျိုက်မရော မြို့ အမှတ် ၂၀၈ တပ်ရင်းကိုသွားရောက်ပြီး၊ နောက် တန်းမှူး ဗိုလ်ကြီး ဆန်းမြင့်အောင်ကို မေးမြန်းခဲ့တယ် လို့ မသန္တာက ပြောပါတယ်။
"သူတို့ကမေးပါတယ် ကျမ ကိုအောင်ကျော်နိုင် ခေါ် ကိုပါကြီး ဇနီးပါ၊ ၂၀၈ တပ်ရင်းက ဗိုလ်ကြီး ဆန်းမြင့်အောင် ခေါ်သွား တယ်လို့ နယ်/လုံ ဝန်ကြီးကိုယ်တိုင်ပြောတဲ့စကားတွေအရ ကျမသိရပါတယ်၊ DKBA လို့ယူဆပြီး ဖမ်းတယ်လို့ဆိုပါတယ်၊ ဒါကြောင့် ကျမခင်ပွန်းသည်နဲ့ ပေးတွေ့ပါဆိုတော့ ကျမကပြောတယ်၊ အဲ့ဒါကို သူကကျနော်ဖမ်းစဉ်အခါက ကျနော်ပါပါတယ်တဲ့ ကျနော်မငြင်းပါဘူးတဲ့ ဒါပေမဲ့ အခုဘယ်မှာရှိတယ် ဆိုတာ ကျနော်မသိပါဘူးတဲ့ ကျနော်အထက်မှာ အဆင့်တွေအများကြီး ရှိပါတယ်တဲ့၊ ကျနော်ဘာမှာ မသိပါဘူးတဲ့"
ကိုပါကြီး ပျောက်ဆုံးနေတာနဲ့ပတ်သက်ပြီး ကျိုက်မရောမြို့မရဲစခန်းမှာ အောက်တိုဘာ ၁၉ ရက်နေ့က လူပျောက် မှှုဖွင့်ခဲ့ပါတယ်။ ရဲစခန်းက တာဝန်ရှိတစ်ဦးက ကိုပါကြီးကို ဒဏ်ရာတွေနဲ့ တွေ့ရှိခဲ့ရတယ်လို့ ပြောဆိုကြောင်း မသန္တာက ပြောပါတယ်။
"ကျိုက်မရော ရဲစခန်းမှာ လူပျောက်သွားတိုင်ပါတယ်၊ လူပျောက်သွားတိုင်တဲ့အခါမှာ အဲ့ဒီ ရဲစခန်းက တပ်ကြပ်ကြီးကပြောပါတယ်၊ သူသိတဲ့အချိန်မှာတဲ့ စစ်တပ်ကခေါ်လာတော့ မျက်နှာတစ်ခုတည်း အကောင်းရှိပြီး တစ်ကိုယ်လုံးဒဏ်ရာဟာ မျော့မျော့ပဲကျန်တော့တယ်၊ သူက စစ်တပ်ကိုမေးလိုက်တဲ့ အခါကျတော့ တိုက်ပွဲထဲမှာရလာတဲ့ဒဏ်ရာတွေလို့ ပြောတယ်တဲ့ စစ်တပ်က"
ကိုပါကြီးဟာ အလွတ်သတင်းထောက်တစ်ဦးဖြစ်ပြီး သူ့ထံကမှတ်စုတချို့ တွေ့ရှိခဲ့တာနဲ့ပတ်သက်ပြီး၊ စစ်တပ်က ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ နယ်/လုံဝန်ကြီးနဲ့ ကျိုက်မရော ရဲစခန်းကပြောတယ်လို့ မသန္တာ ပြောဆိုပါတယ်။
အခုလို ကိုပါကြီး ဖမ်းဆီးခံရတာနဲ့ပတ်သက်ပြီး အောက်တိုဘာ၂၁ ရက် ဒီကနေ့ မွန်းလွဲပိုင်းမှာ ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့်၊ ရွှေဝါရောင်ပညာဒါနကျောင်းတိုက်မှာ သတင်းစာရှင်းလင်းပွဲ ကျင်းပမယ်လို့ သိရပါတယ်။