စစ်ကောင်စီလုပ်ရပ်ကြောင့် သတင်းအချက်အလက်သိပိုင်ခွင့်တွေ ဆုံးရှုံးနေရ

ဒေါ်စမ်းစမ်းတင်(ဝါရှင်တန် ဒီစီ)
2021.03.24

ပြည်သူတွေ ရွေးချယ်တင်မြောက်ထားတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်းထားတဲ့ ပြည်ထောင်စု လွှတ်တော် ကိုယ်စားပြုကော်မတီ(CRPH)ကို မတရားအသင်းအဖြစ် စစ်ကောင်စီက ကြေညာပြီးနောက် CRPH နဲ့ ဆက်သွယ်ဆောင်ရွက်သူတွေကိုလည်း မတရားအသင်း ဆက်သွယ်ဆောင်ရွက်မှုဥပဒေပုဒ်မ ၁၇(၁)နဲ့ အရေးယူမယ်လို့ စစ်ကောင်စီက ခြိမ်းခြောက်လိုက်ပါတယ်။

ဒါဟာ သတင်းမီဒီယာသမားတွေကို ရည်ရွယ်ချက်ရှိရှိ ထိန်းချုပ်လိုက်တာဖြစ်ပြီး လွတ်လပ်စွာ ထုတ်ပြောဆို ခွင့်ကိုပါ ပိတ်လိုက်တာဖြစ်ပါတယ်။

မတရားအသင်းဥပဒေမှာ အရေးယူနိုင်တာက ကူညီတာနဲ့ အားပေးတာပဲဖြစ်ပေမယ့် ဆက်သွယ်တာနဲ့တင် အရေးယူမယ်ဆိုတာ သတင်းအမှောင်ချချင်တဲ့ သဘောဖြစ်နေတယ်လို့သတင်းစာဆရာ ဦးမြင့်ကျော်က RFA ကို ပြောပါတယ်။

နောက်တစ်ခုကတော့ ဆူပူအကြမ်းဖက်မှုတွေကို အင်တာနက်စာမျက်နှာ လူမှုကွန်ရက်ပေါ်ကနေ အဓိက လှုံဆော်နေကြတယ်လို့ အာဏာသိမ်းစစ်ကောင်စီက အကြောင်းပြပြီး လက်ရှိအချိန်ထိ မြန်မာနိုင်ငံမှာ မိုဘိုင်းဖုန်း အင်တာနက်တွေနဲ့ ပြင်ပဝိုင်ဖိုင်လိုင်းတွေကို လုံးဝပိတ်ထားသလို အိမ်သုံးအင်တာနက်လိုင်းတွေ အားလုံးကိုတော့ ညဘက် တစ်နာရီကနေ မနက်ပိုင်းကိုးနာရီအထိ ပိတ်ထားတာကြောင့် ပြည်သူတွေရဲ့ သတင်းသိပိုင်ခွင့်တွေ ဆုံးရှုံးနေတာပါ။

စစ်ကောင်စီရဲ့ ပြောခွင့်ရ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကတော့ ပိတ်ထားတဲ့ မြန်မာနိုင်ငံက အင်တာလိုင်းတွေကို ပြန်ဖွင့်ပေးဖို့ အစီအစဉ်မရှိဘူးလို့ မနေ့ကပြုလုပ်တဲ့ စစ်ကောင်စီရဲ့ ရှင်းလင်းပွဲအတွင်း သတင်းဌာနတစ်ခု ရဲ့မေးမြန်းမှုမှာ တုံ့ပြန်ပြောခဲ့ပါတယ်။

ဒါ့ပြင် RFA နဲ့ VOA အပါအဝင် လွတ်လပ်ပြီး မှန်ကန်တဲ့သတင်းတွေကို ပြည်သူတွေထံ တင်ပြပေးနေတဲ့ သတင်းဌာနတွေရဲ့ သတင်းတွေကိုလည်း သတင်းအမှားတွေ ဖြန့်ဝေနေတယ်ဆိုပြီး ပရိုဂျက်တာနဲ့ ပြသခဲ့ပါသေးတယ်။

အဲလို အင်တာနက်ဖြတ်တောက်ပြီး ညပိုင်းအချိန်တွေမှာ စစ်တပ်ကို ဆန့်ကျင်သူတွေကို လိုက်လံဖမ်းဆီး သတ်ဖြတ်နေတာတွေလည်း အများအပြား ရှိနေပါတယ်။

တစ်နိုင်ငံလုံးက အင်တာနက်မရတော့တဲ့ ပြည်သူတွေဟာ လက်ရှိအချိန်အထိ မဇ္ဇျိမနဲ့ ဒီဗွီဘီ ရုပ်သံလိုင်း တွေကို ဖမ်းယူကြည့်ရှုလို့ရနေသေးတဲ့ ထိုင်းဂြိုလ်တုလိုင်း PSI စလောင်းတွေကို တပ်ဆင်ပြီး သတင်းတွေ ရယူနားထောင်ပေမယ့် စစ်ကောင်စီကတော့ အဲဒီစလောင်းတွေကို အင်အားသုံးပြီး လိုက်လံဖြုတ်ခိုင်းတာတွေ လုပ်နေပါတယ်။

ပြီးခဲ့တဲ့ရက်က လှည်းကူးမြို့၊ သီတာအေးရပ်ကွက်မှာ PSI စလောင်းတပ်ထားတဲ့နေအိမ်တွေကို ဝင်ရောက် ဖြုတ်ခိုင်းတာ ဖမ်းဆီးတာတွေလုပ်တဲ့တယ်လို့ ဒေသခံတစ်ယောက်က RFA ကို ပြောပါတယ်။

PSI စလောင်းတပ်ထားတဲ့နေအိမ်က ပြည်သူအချို့ကို လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးသွားပေမယ့် အဲနေညနေပိုင်းမှာပဲ ပြန်လွှတ်ပေးခဲ့ပြီး တစ်ဖက်မှာတော့ အဲတစ်ရက်တည်းမှာပဲ အကြောင်းပြချက်မရှိ ဖမ်းသွားတဲ့ ပြည်သူ ကိုးယောက်ကတော့ ဒီနေ့အထိ ပြန်မလွတ်သေးဘူးလို့ သူက ဆက်ပြောပါတယ်။

အင်တာနက်လိုင်းတွေ ဖြတ်တောက်ပြီး မီဒီယာကို နှိပ်ကွပ်ထားရုံနဲ့ မြန်မာစစ်တပ်ရဲ့ စက်ဆုပ်ဖွယ်လုပ်ရပ် တွေကို ဖုံးကွယ်ထားလို့ မရဘူးလို့ ဥရောပသမဂ္ဂနဲ့ အမေရိကန်အပါအဝင် သံရုံး ၁၁ ရုံးက သံအမတ်ကြီးတွေ ပူးတွဲပြီး မတ်လ ၁၉ ရက်နေ့က ကြေညာချက်ထုတ်ပြန် ပြောဆိုထားပါတယ်။

ပြည်တွင်းအခြေစိုက် ဆဲဗင်းဒေး၊ မြန်မာနောင်း၊ မဇ္ဇျိမ၊ ဒီဗွီဘီနဲ့ ခေတ်သစ်မီဒီယာ စတဲ့သတင်းမီဒီယာ ၅ ခုကို ထုတ်ဝေခွင့်လိုင်စင် ပိတ်သိမ်းလိုက်ပြီး ဧရာဝတီသတင်းဌာကိုလည်း တရားစွဲဆိုထားတဲ့အပြင် သတင်းမီဒီယာ သမား ၅၀ နီးပါးကို ဖမ်းဆီးခဲ့သလို အယောက် ၂၀ ကို အခုထိပြန်လွှတ်မပေးသေးဘဲ ၁၀ ယောက်ကိုတော့ နိုင်ငံတော် အကြည်ညိုပျက်စေမှု ဥပဒေပုဒ်မတွေနဲ့ တရားစွဲထားပါတယ်။

ဖေဖော်ဝါရီလ ၁ ရက်နေ့စပြီး ရွေးကောက်ပွဲမှာ မဲမသာမှုတွေရှိတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ပြည်သူတွေ ရွေးချယ် တင်မြှောက်ထားတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကို ဖမ်းဆီးထိန်းသိမ်းပြီး စစ်တပ်က အာဏာသိမ်းထားတာ ဒီနေ့ဆို နှစ်လနီးပါးရှိပြီဖြစ်ပါတယ်။

ဒီနှစ်လနီးပါးအကြာကာလအတွင်း အာဏာသိမ်းစစ်ကောင်စီကို ဆန့်ကျင်ဆန္ဒပြသူတွေကို စစ်ကောင်စီရဲ့ စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေက ပစ်ခတ်သတ်ဖြတ် ဖမ်းဆီးတာတွေကြောင့် ပြည်သူ ၂၅၀ ကျော် သေဆုံးပြီး ထောင်နဲ့ချီ မတရားဖမ်ဆီးခံထားရပါတယ်။

အာဏာသိမ်းစစ်ကောင်စီအနေနဲ့ မြန်မာပြည်သူတွေရဲ့ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်နဲ့ မှန်ကန်တဲ့ သတင်းအချက်အလက် သိပိုင်ခွင့်ကို ပိတ်ပင်တားဆီးဖို့၊ သတင်းမီဒီယာကို အမှောင်ချပြီး ပြည်သူတွေ အချင်းချင်းတင်မက ကမ္ဘာနဲ့ပါ အဆက်သွယ်ဖြတ်တောက်ဖို့ နည်းလမ်းအမျိုးမျိုးနဲ့ ခြိမ်းခြောက်တားဆီး နေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။