ဆန္ဒပြသူတွေကို ဥပဒေအတိုင်းသာ ဆောင်ရွက်ခဲ့တာဖြစ်ကြောင်း ကယားဝန်ကြီးချုပ်ပြော
ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ် စိုက်ထူတာကို ကန့်ကွက်တဲ့ ကရင်နီဒေသခံတွေကို ရာဘာကျည်သုံးပြီး ဖြိုခွင်းခဲ့တာဟာ ဥပဒေ လုပ်ထုံးလုပ်နည်းအတိုင်း ဖြေရှင်းခဲ့တာဖြစ်တယ်လို့ ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်ဖောင်းရှိုက ပြောလိုက်ပါတယ်။
-
2019-02-14 -
-
-
Your browser doesn’t support HTML5 audio
ကယားပြည်နယ် လွိုင်ကော်မြို့မှာ ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ် စိုက်ထူတာကို ကန့်ကွက်တဲ့ ကရင်နီဒေသခံတွေကို ရဲတပ်ဖွဲ့က ရာဘာကျည်သုံးဖြိုခွင်းခဲ့တာဟာ ဥပဒေ လုပ်ထုံးလုပ်နည်းအတိုင်း ဖြေရှင်းခဲ့တာဖြစ်ကြောင်းနဲ့ ထိခိုက် ဒဏ်ရာ ရှိသူတွေရှိခဲ့တာတွေကို စိတ်မကောင်းဖြစ်ရကြောင်း ကယားပြည်နယ် ဝန်ကြီးချုပ် ဦးအယ်ဖောင်းရှို က RFA ကို ပြောလိုက်ပါတယ်။
အစိုးရအဖွဲ့နဲ့ ဆန္ဒပြနေတဲ့ ကရင်နီဒေသခံတွေ ပဋိပက္ခဖြစ်ခဲ့တာနဲ့ ပတ်သက်ပြီး ကယားပြည်နယ် လွိုင်ကော်မြို့ အစိုးရအဖွဲ့ရုံးမှာ RFA သတင်းဌာနက ဝန်ကြီးချုပ် ဦးအယ်ဖောင်းရှိုကို ဒီနေ့ သီးသန့်တွေ့ဆုံ မေးမြန်းရာမှာ ပြောကြားလိုက်တာဖြစ်ပါတယ်။
ဆန္ဒပြသူတွေအနေနဲ့ ဥပဒေကြောင်းအရသာ ဆောင်ရွက်ကြဖို့နဲ့ ဥပဒေနဲ့ညီညွတ်မှုရှိရင် ဆန္ဒပြတာတွေကို ဆက်လက်ခွင့်ပြုပေးသွားမယ်လို့လည်း ဝန်ကြီးချုပ် ဦးအယ်ဖောင်းရှိုက ပြောပါတယ်။
ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်ဖယ်ရှားပေးဖို့အတွက် လွိုင်ကော်မြို့မှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၂ ရက်နေ့က ကရင်နီဒေသခံ ၅၀၀၀ ခန့် ကန့်ကွက်ဆန္ဒပြခဲ့ရာမှာ ရဲတပ်ဖွဲ့က ရာဘာကျည်သုံး ပစ်ခတ်လူစုခွဲခဲ့တာကြောင့် ဆန္ဒပြသူ ၂၁ ဦး ထိခိုက်ဒဏ်ရာရှိခဲ့ပါတယ်။
အဲဒီညနေပိုင်းမှာတော့ ဆန္ဒပြသူတွေနဲ့ အစိုးရအဖွဲ့တာဝန်ရှိသူတွေ တွေ့ဆုံဆွေးနွေးပြီး ဗိုလ်ချုပ်အောင် ဆန်းကြေးရုပ်ကိစ္စကို ဆန္ဒပြသူတွေနဲ့ ကြေးရုပ်စိုက်ထူးရေး ကော်မတီတို့ ၁ လအတွင်း ညှိနှိုင်းဆွေးနွေးဖို့ သဘောတူခဲ့ပြီး ဆွေးနွေးနေချိန်ကာလအတွင်း ထောက်ခံတာတွေ၊ ကန့်ကွက်တာတွေမလုပ်ဖို့လည်း နှစ်ဖက်သဘောတူညီထားပါတယ်။
ဒါ့အပြင် နှစ်ဖက်ဆွေးနွေးပြီးနောက်ပိုင်း သဘောတူညီမှု ရရှိတဲ့အချက်တွေကို ၁ လအတွင်း အကောင်အထည်ဖော် ရမယ်လို့လည်း သဘောတူညီထားပါတယ်။
ဒီသတင်းကို RFA သတင်းထောက် ကိုသီဟထွန်း ပေးပို့တာပါ။