ကယားဝန်ကြီးချုပ်ကို လွှတ်တော်စုံစမ်းရေးအဖွဲ့ စစ်ဆေးနေ
2020.08.20
ဖွဲ့စည်းပုံ အခြေခံဥပဒေပါပြဋ္ဌာန်းချက်ကို ဖောက်ဖျက်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ကယားပြည်နယ် ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုကို ပြည်နယ်လွှတ်တော်က ဖွဲ့စည်းလိုက်တဲ့ စုံစမ်းရေးအဖွဲ့က စစ်ဆေးနေပါတယ်။
၂၀၁၆ ခုနှစ်ကနေ ၂၀၁၈ ခုနှစ်အထိ စက်ယန္တရားငှားရမ်းခငွေတွေကို နိုင်ငံတော်ဘဏ္ဍာထဲ မထည့်သွင်းခဲ့ဘူးဆိုတာ ပြည်နယ်စာရင်းစစ်ချုပ်က တွေ့ရှိထားတယ်လို့ စုံစမ်းစစ်ဆေးရေးကော်မတီ ဥက္ကဋ္ဌဖြစ်တဲ့ ကယား ပြည်နယ်လွှတ်တော် လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်သူ ဦးသဲရယ်က ပြောပါတယ်။
“အဲဒီ ၂၀၁၆ကနေ ၂၀၁၈ကြားပေါ့နော်၊ အဲဒီမှာ လုံး၀ နိုင်ငံတော်ပိုင်ငွေအဖြစ် မသွင်းဘဲနဲ့ကို ဒါအပြင်မှာ ငွေစာရင်းဖွင့်ပြီးတော့မှ အဲဒီမှာ ပြည်နယ်အစိုးရအဖွဲ့ သို့မဟုတ်ရင်လည်း ဝန်ကြီးချုပ်ပေ့ါ၊ သူ့ဟာ အပြင်မှာပဲ လိုအပ်တဲ့နေရာမှာအတူတူ သုံးတာပေါ့နော်။ သူသုံးရတဲ့နေရာလည်း မှန်တယ်၊ မမှန်ဘူး ဆိုတာကတော့ သူကိုယ်တိုင်ပြောမှပဲ ကျနော်တို့ကလည်း သိရမှာပါ”
စုံစမ်းစစ်ဆေးရေးအဖွဲ့ဟာ သြဂုတ်လ ၂၀ရက်နေ့ ဒီကနေ့မှာ ပြည်နယ်စာရင်းစစ်ချုပ်နဲ့ တွေ့ရှိခဲ့တာဖြစ်ပါတယ်။
စက်ယန္တရား ငှားရန်းခတွေနဲ့ ပတ်သက်ပြီး ၂၀၁၈ နောက်ပိုင်းမှာ လွှတ်တော်ကိုယ်စားလှယ်တချို့က လွှတ်တော်မှာ မေးခွန်းမေးမြန်းတာတွေ ရှိခဲ့တဲ့နောက်မှာမှ ပြည်နယ်အစိုးရအဖွဲ့ပိုင် စက်ယန္တရား ငှားရမ်းခငွေတွေ ကို နိုင်ငံတော်ပိုင်ငွေအဖြစ် ပြန်သွင်းတာကို တွေ့ရတယ်လို့လည်း ဦးသဲရယ်က ဆက်ပြောပါတယ်။
တိုင်ကြားချက်အတိုင်း မှန်ကန်တယ်ဆိုရင် အရေးယူသွားမယ်လို့ ဦးသဲရယ်က ပြောပါတယ်။
“လွှတ်တော်က ကျနော်တို့ကိုတာဝန်ပေးတာ။ ဘာလဲဆိုလို့ရှိရင် ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ်က နေပြီးတော့မှ စက်ယန္တရား ကိစ္စတစ်ခုရယ်၊ နောက်ပြီးတော့မှ မြေနေရာပေါ့နော်၊ ဒီကယားဒေးကွင်း ပွဲတော်ကျင်းပရေး မြေနေရာကိစ္စ တစ်ခုပေါ့၊ အဲဒါနဲ့ ပတ်သက်ပြီးတော့မှ အစိုးရဘက်ကနေ အကောင်အထည်ဖော် ဆောင်ရွက်ပေးတာ မရှိတဲ့ခါကျတော့ ဒါကျနော်တို့ စုံစမ်းစစ်ဆေးပြီးတော့မှ ကျနော်တို့ဒါ အရေးယူမှာပေါ့”
ဝန်ကြီးချုပ်ဟာ ဖွဲ့စည်းပုံအခြေခံ ဥပဒေ အခန်း(၅)၊ ပုဒ်မ ၂၆၃ (က) ပါ ပြဋ္ဌာန်းချက်တွေကို ဖောက်ဖျက်ကျုး လွန်တဲ့အတွက် စုံစမ်းစစ်ဆေးပေးဖို့ ကယားပြည်နယ် လွှတ်တော်ဥက္ကဋ္ဌထံကို ပြည်နယ်လွှတ်တော် ကိုယ်စား လှယ် လေးပုံ တစ်ပုံဖြစ်တဲ့ (၅) ဦးက လက်မှတ်ရေးထိုးတင်ပြလာတယ်လို့ သြဂုတ်လ ၁၄ ရက်နေ့စွဲနဲ့ ထုတ်ပြန် ထားတဲ့ ကယားပြည်နယ် လွှတ်တော်ရုံးစာမှာ တွေ့ရပါတယ်။
နိုင်ငံတော်ရဲ့ ကျေးဇူးသစ္စာကို ဖောက်ဖျက်တာ၊ အခြေခံဥပဒေပါ ပြဌာန်းချက် တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်တာ၊ အကျင့်သိက္ခာပျက်ပြားတာ၊ အခြေခံဥပဒေမှာ ပြဋ္ဌာန်းထားတဲ့ တိုင်းနဲ့ ပြည်နယ် ဝန်ကြီးချုပ် ဒါမှမဟုတ် ဝန်ကြီးရဲ့ အရည်အချင်း ပျက်ယွင်းတာ၊ ဥပဒေအရ ပေးအပ်တဲ့ တာဝန်တွေကို ကျေပွန်အောင် မဆောင်ရွက်တာ စတာတွေနဲ့ စွပ်စွဲပြစ်တင်နိုင်တယ်လို့ အခြေခံဥပဒေမှာ ဖော်ပြထားပါတယ်။
စုံစမ်းစစ်ဆေးရေးကော်မတီကို အဖွဲ့ဝင် လေးဦးနဲ့ သြဂုတ်လ ၁၄ ရက်နေ့က ဖွဲ့စည်းခဲ့ပြီး စစ်ဆေးတွေ့ရှိချက်ကို နှစ်ပတ်အတွင်း ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌဆီ တင်သွင်းရမှာဖြစ်ပါတယ်။
ကယားပြည်နယ်နေ့ ကျင်းပရာ မြေနေရာနဲ့ တစ်ဆက်တည်းရှိတဲ့ မြေနေရာကို ငှားရမ်းဖို့ အစိုးရက စီစဉ်နေတဲ့အပေါ်မှာ ပြည်သူတွေအတွက် ချန်ထားဖို့ လွှတ်တော်မှာ အဆိုတင်ခဲ့ပေမယ့် ဝန်ကြီးချုပ်က ဆက်လုပ်တယ်လို့ စုံစမ်းစစ်ဆေးရေးအဖွဲ့ အတွင်းရေးမှူးဖြစ်တဲ့ ဖရူဆိုမြို့နယ် မဲဆန္ဒနယ်အမှတ်(၂) ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်ထွန်းက ပြောပါတယ်။
“သူတို့ သတ်မှတ်ထားတာက ၆.၄၂၂ဧကပါပဲ။ ဒါပေမဲ့ ကျနော် အဆိုမှာ ကျနော်ရေးထားတာက စာမျက်နှာ ၁၊ ကော်လံ ၃မှာက ကယားဒေးကွင်းနဲ့ တစ်ဆက်တည်းဖြစ်တဲ့အတွက်ကြောင့် လာမယ့် ကယားလူဦးရေ တိုးပွားတဲ့အနေနဲ့ ချန်ထားပါလို့၊ မသုံးပါနဲ့လို့ပြောပါတယ်။ အဲဒါကို မဲခွဲပါတယ်။ ကျနော်နိုင်ပါတယ်။ အဲဒါကို သူကဆက်လုပ်လို့ပါဗျာ။ ဆက်လုပ်ပြီးမှ စည်ပင်မြေလည်း ဖောက်တယ်”
ကယားပြည်နယ်နေ့ ကွင်းအနီးက မြေတွေကို အစိုးရအဖွဲ့က စည်ပင်မြေအဖြစ် ပြောင်းလဲလိုက်ပြီး အဲဒီနေရာတွေမှာ ကုမ္ပဏီတွေ၊ ဆိုင်ခန်းတွေကို နှစ် ၃၀ စာချုပ်ချုပ်ဆို ငှားရမ်းထားတာဖြစ်ပါတယ်။
လတ်တလောမှာ စက်ယန္တရား ငှားရမ်းခအနေနဲ့ ခန့်မှန်းငွေ သိန်းလေးထောင်နီးပါးကို ဝန်ကြီးချုပ်က နိုင်ငံတော် ဘဏ္ဍာငွေအဖြစ် မပေးသွင်းဘူးဆိုတာ တွေ့ရှိထားတယ်လို့ ဦးသဲရယ်က ပြောပါတယ်။
အခုလို စုံစမ်းစစ်ဆေးခံရတဲ့ ကိစ္စအပါအဝင် စွပ်စွဲချက်တွေနဲ့ ပတ်သက်လို့ ပြည်နယ်ဝန်ကြီးချုပ်ကို RFA က ဒီကနေ့ မေးမြန်းဖို့ ကြိုးစားပေမယ့် ဖုန်းလက်ခံဖြေကြားခြင်းမရှိပါဘူး။ ပြည်နယ်အစိုးရအဖွဲ့ရုံးကို ဆက်သွယ် မေးမြန်းရာမှာတော့ တာဝန်ရှိသူတစ်ဦးက “ပြောစရာမရှိသေးပါဘူး” လို့ တုံ့ပြန်ပါတယ်။
ဦးအယ်လ်ဖောင်းရှိုဟာ ၂၀၁၅ ရွေးကောက်ပွဲမှာ မယ်စဲ့မြို့နယ် မဲဆန္ဒနယ် အမှတ် ( ၂ ) ကနေ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကို ကိုယ်စားပြုယှဉ်ပြိုင်ပြီး အနိုင်ရရှိကာ ဝန်ကြီးချုပ် ဖြစ်လာခဲ့ပါတယ်။
၂၀၂၀ ရွေးကောက်ပွဲမှာလည်း လက်ရှိမဲဆန္ဒနယ်ကနေပဲ ပြန်လည်ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။