မလေးရှားနိုင်ငံခြားရေးဝန်ကြီး ဆွေးနွေးခဲ့တဲ့ မြန်မာ့အရေး အချက်ငါးချက်

၂၀၂၂ ခုနှစ် မေလ ၁၁ ရက်နေ့က အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီမြို့တော်မှာ ကျင်းပတဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေရဲ့ အလွတ်သဘောအစည်းအဝေးမှာ မလေးရှားနိုင်ငံခြားရေးဝန်ကြီး ဆိုင်ဖူဒင် အဗ္ဗဒူလာက မြန်မာ့အရေးနဲ့ပတ်သက်ပြီး အချက်ငါးချက်ကို ဆွေးနွေးခဲ့ပါတယ်။
မလေးရှားနိုင်ငံခြားရေးဝန်ကြီး ဆိုင်ဖူဒင်က သူ့ရဲ့ Twitter စာမျက်နှာမှာ ဖော်ပြထားတဲ့ အဲဒီအချက်ငါးချက်ကတော့…
၁။ မြန်မာ့အရေး အာဆီယံဘုံသဘောတူညီချက် ငါးချက်ကို အာဆီယံအထူးကိုယ်စားလှယ်က အကောင်အထည်ဖော်ရေးမှာ မလေးရှားနိုင်ငံက အပြည့်အဝထောက်ခံကြောင်း၊
၂။ အဲဒီလုပ်ငန်းစဉ်တွေမှာ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန်ကို SAC (စစ်ကောင်စီ) က ပါဝင်ခွင့်မပြုတဲ့အပေါ် စိတ်မကောင်းဖြစ်မိကြောင်း၊
၃။ အာဆီယံ ဆက်စပ်အစည်းအဝေးတွေမှာ ဘယ်သူဘယ်ဝါကို ဖိတ်ကြားပါဆိုပြီး သတ်မှတ်ညွှန်ကြားဖို့ စစ်ကောင်စီကို ခွင့်မပြုသင့်ကြောင်း၊
၄။ အာဆီယံအထူးကိုယ်စားလှယ် အနေနဲ့ NUGနဲ့ NUCC ကိုယ်စားလှယ်တွေအပါအဝင် သက်ဆိုင်သူအားလုံးကို ထိတွေ့ဆက်ဆံသင့်ကြောင်း၊
၅။ မြန်မာပြည်သူတွေအတွက် လူသားချင်းစာနာမှုဆိုင်ရာ ဆောင်ရွက်မှုတွေမှာ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေရဲ့ ပံ့ပိုးကူညီမှုနဲ့ UN OCHA လို နိုင်ငံတကာအဖွဲ့အစည်းတွေ ပါဝင်သင့်ကြောင်း၊ … စတာတွေပဲ ဖြစ်ပါတယ်။
အမေရိကန်-အာဆီယံ ထိပ်သီးဆွေးနွေးပွဲမတိုင်ခင် အကြိုနေ့မှာ ပြုလုပ်တဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေရဲ့ အလွတ်သဘောအစည်းအဝေးမှာ မြန်မာနိုင်ငံအတွက် ထိုင်ခုံတစ်လုံး သတ်မှတ်ထားပေမယ့် အဲဒီခုံမှာ ဘယ်သူမှ မရှိဘဲ လစ်လပ်နေတာကို ပုံထဲမှာ တွေ့ရပါတယ်။
မေလ ၁၂ ရက် ထိပ်သီးဆွေးနွေးပွဲမစခင် မနက်ပိုင်းမှာတော့ အမေရိကန် ဒုတိယနိုင်ငံခြားရေးဝန်ကြီး ဝင်ဒီရှားမန်းဟာ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နဲ့ ကိုယ်စားလှယ်အဖွဲ့ကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနမှာ တရားဝင် လက်ခံတွေ့ဆုံခဲ့ပါတယ်။