မတ္တရာမြို့နယ်မှာ လယ်သိမ်းခံ တောင်သူတွေ ဆန္ဒပြ

မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ် က ကျေးရွာ ၇ ရွာမှာ သမဝါယမဝန်ကြီး ဌာနက သိမ်းယူထားတဲ့ လယ်မြေဧက ၆၀၀ ကျော်ဟာ သမဝါယမအသင်းက ပိုင်ဆိုင်ကြောင်း မြေ ယာပိုင်ဆိုင်မှု ပုံစံ(၇) ချပေးလိုက်တဲ့အတွက် ဒေသခံ တစ်ရာကျော်က ဒီကနေ့ မတ္တရာမြို့မှာ ကန့်ကွက်ဆန္ဒပြကြ ပါတယ်။

လယ်သိမ်းခံတောင်သူတွေ မတ္တရာမြို့မှာ ဇန်နဝါရီလ ၂ဝ ရက်နေ့က ဆန္ဒပြကြစဉ် Photo: Ye Yint Aung

မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်က ကျေးရွာ ၇ ရွာမှာ သမဝါယမဝန်ကြီးဌာနက သိမ်းယူထားတဲ့ လယ်မြေ ဧက ၆၀၀ ကျော်ဟာ သမဝါယမအသင်းက ပိုင်ဆိုင်ကြောင်း မြေယာပိုင်ဆိုင်မှု ပုံစံ(၇) ချပေးလိုက်တဲ့အတွက် ဒေသ ခံတစ်ရာကျော်က ဒီကနေ့ မတ္တရာမြို့မှာ ကန့်ကွက်ဆန္ဒပြကြပါတယ်။

လယ်ဧက ၆၀၀ ကို ဘယ်သူပိုင်တယ်ဆိုတာကို ကျေးရွာသမဝါယမအသင်းနဲ့ တောင်သူတွေအကြား အငြင်းပွားနေ ချိန်မှာ မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲမှုကော်မတီနဲ့ မြေစာရင်းဌာနတို့က ကျေးရွာသမဝါယမအသင်းကို ပုံစံ(၇) ထုတ်ပေးလိုက်တဲ့အတွက် မကျေနပ်လို့ ဆန္ဒပြတာဖြစ်တယ်လို့ ကျောက်စရစ်မြောက်ကျေးရွာသား ကိုရဲရင့်အောင် က ပြောပါတယ်။

"လယ်ယာမြေ အရှုပ်အထွး ဖြစ်နေပါလျှက်နဲ့ မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲမှု ကော်မတီကနေ သမဝါယမအသင်း ကို ၂ဝ၁၅ ကျမှ သူတို့က ပုံစံ(၇) ထုတ်ပေးလိုက်တဲ့အတွက် ကျနော်တို့က မကျေနပ်လို့ ဆန္ဒပြရတာပါ၊ ၅ လပိုင်း က ချပေးတယ်လို့ပြောတယ်၊ ဒါပေမဲ့ ကျနော်တို့ ဒီပုံစံ(၇) ရတယ်ဆိုတာကို ၂ဝ၁၆၊ ၁ လပိုင်း ၈ ရက်နေ့မှ သိရတာဗျ"

လွန်ခဲ့တဲ့ ၁၉၈၆ ခုနှစ်လောက်ကစပြီး မတ္တရာမြို့နယ်က ကျောက်စရစ်မြောက်၊ ကျောက်စရစ်တောင်၊ ရေနံ့သာ၊ တမာကုန်း၊ စကျင်နဲ့ လင့်စင်ကုန်း ကျေးရွာတွေက လယ်ယာမြေဧက ၆၀၀ ကျော်ကို သမဝါယမဝန်ကြီးဌာနက သိမ်းယူခဲ့တာ ဖြစ်ပါတယ်။

ရွာသားတွေက အဲဒီလယ်မြေတွေ ပြန်လည်ရရှိရေးအတွက် ၁၉၈၉ ခုနှစ်ကစပြီး သက်ဆိုင်ရာအစိုးရဌာနတွေကို စာအဆင့်ဆင့် တင်ပြတောင်းခံခဲ့ပေမယ့် ဖြေရှင်းမပေးတာကြောင့် ၂၀၁၄ နှစ်စပိုင်းမှာ အဲဒီလယ်မြေတွေထဲမှာ ဝင်ရောက်ထွန်ယက်စိုက်ပျိုးခဲ့ကြပါတယ်။

အဲဒီ့လို ဝင်ရောက်စိုက်ပျိုးခဲ့တဲ့အထဲက ရွာသား ၄ ဦးဟာ နိုင်ငံတော်အကြည်ညိုပျက်စေမှု၊ တရားမဝင်စီတန်း လှည့်လည်မှု စတဲ့ ပုဒ်မတွေနဲ့ တစ်နှစ်ကျော်ကြာ အကျဉ်းကျခဲ့ပြီး ဒေသခံရွာသား ၃၉ ယောက်ဟာ ပိုင်နက်ကျူးလွန်မှု၊ ဥပဒေမဲ့လူစုလူဝေးမှာ ပါဝင်မှု စတဲ့ ပုဒ်မ ၂ခုနဲ့ အမှုရင်ဆိုင်နေရဆဲဖြစ်ပါတယ်။

ဆန္ဒပြသူတွေဟာ ကျေးရွာသမဝါယမအသင်းကို ချပေးထားတဲ့ မြေယာပိုင်ဆိုင်မှု ပုံစံ(၇) ကို ရုပ်သိမ်းပေးဖို့၊ အငြင်းပွားလယ်မြေပြဿနာကို ဖြေရှင်းပေးဖို့၊ မတ္တရာမြို့နယ် မြေစာရင်းဌာနကို အရေးယူပေးဖို့ စတာတွေ ကို တောင်းဆိုခဲ့ကြပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org