မတ္တရာမြို့နယ် ထန်းပင်ကုန်းတပ်စခန်းကို မန္တလေး PDF သိမ်းပိုက်
2024.12.21

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ ထန်းပင်ကုန်းရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်းကို သိမ်းပိုက်လိုက်တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး (MDY-PDF) က ဒီဇင်ဘာလ ၂၁ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
မန္တလေးမြို့နဲ့ မိုင်နှစ်ဆယ်အကွာ ပုသိမ်ကြီးမြို့နယ်နဲ့ မတ္တရာမြို့နယ်အစပ်က ထန်းပင်ကုန်းရွာမှာရှိတဲ့ စစ်ကောင်စီတပ်နဲ့ ပျူစောထီးအထိုင်စခန်းကို ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး (MDY-PDF) က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ဒီဇင်ဘာလ ၁၉ ရက်နေ့က အပြီးသတ် ထိန်းချုပ်နိုင်ခဲ့တာလို့ ဆိုပါတယ်။
တိုက်ပွဲအတွင်း စစ်သုံ့ပန်းတချို့နဲ့ လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းရမိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
စစ်ကောင်စီတပ်ရဲ့ လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်တာကြောင့် အဲဒီကျေးရွာက ဒေသခံတွေလည်း ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မတ္တရာဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
"ဒေသခံတွေက ဘုန်းကြီးကျောင်းတို့၊ လယ်တောထဲတို့၊ ဘေးလွတ်တဲ့ရွာတွေမှာ ရှောင်နေရတယ်။ အိမ်ကို မပြန်နိုင်ကြသေးဘူး။ အဲဒီအနီးအနား၀န်းကျင်မှာ တိုက်ပွဲတွေ ဖြစ်နေတယ်။ ဒီနေ့လည်း ဆက်ဖြစ်နေတယ်"
ထန်းပင်ကုန်းရွာအနီး မြကံသာရွာကို ဒီဇင်ဘာလ ၁၉ ရက်နေ့က စစ်ကောင်စီတပ်ရဲ့ လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သားသုံးဦး သေဆုံးတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ မန္တလေးတိုင်း ပြောခွင့်ရသူ တိုင်းစီးပွားရေးဝန်ကြီး ဦးသိန်းဌေးကို RFA က ဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။
မတ္တရာမြို့နယ်ကို စစ်ကောင်စီက အလုံးစုံ ပြန်ထိန်းချုပ်နိုင်ဖို့ နိုဝင်ဘာလကတည်းက ထိုးစစ်ဆင်တိုက်ခိုက်နေပြီး ဒီရက်ပိုင်းမှာ မတ္တရာမြို့နယ် အနောက်ခြမ်းက ရွာငါးရွာထက်မနည်း မီးရှို့ဖျက်ဆီးခံထားရတယ်လို့ ဒေသခံတွေက ပြောပါတယ်။