မန္တလေးက ရဲအရာရှိ လေးယောက်ကို အဂတိလိုက်စားမှုနဲ့ အမှုဖွင့်

မန္တလေးတိုင်း ချမ်းအေးသာစံမြို့နယ် ရဲတပ်ဖွဲ့က ရဲမှူး တစ်ဦးအပါအဝင် ရဲအရာရှိ လေးယောက်ကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆ နဲ့ အမှုဖွင့်ထားကြောင်း ကော်မရှင်က မနေ့က သတင်းထုတ်ပြန်ပါတယ်။

အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က ၂ဝ၁၉ ခုနှစ် ဇွန်လ ၁၄ ရက်နေ့ ထုတ်ပြန်ချက်ကို တွေ့ရစဉ် Photo: ACC Myanmar

မန္တလေးတိုင်း ချမ်းအေးသာစံမြို့နယ် ရဲတပ်ဖွဲ့က ရဲမှူး တစ်ဦးအပါအဝင် ရဲအရာရှိ လေးယောက်ကို အဂတိ လိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆ နဲ့ အမှုဖွင့်ထားကြောင်း ကော်မရှင်က မနေ့က သတင်းထုတ်ပြန်ပါတယ်။

ချမ်းအေးသားစံမြို့နယ်အမှတ် ၃ နယ်မြေရဲစခန်းက မြို့နယ်ရဲတပ်ဖွဲ့မှူး၊ စခန်းမှူးအပါအဝင်၊ ဒုရဲအုပ် နှစ်ယောက်ကို ရာထူးတာဝန် အလွဲသုံးစားပြုပြီး အဂတိလိုက်စားမှု ကျူးလွန်ခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်တဲ့အတွက် အဂတိ လိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က အမှုဖွင့်လိုက်တာ ဖြစ်ပါတယ်။

မန္တလေးမြို့မှာ ၂၀၁၈ ခုနှစ်က ဂိမ်းဆိုင်တစ်ခု ဖမ်းခံရတဲ့ အမှုနဲ့ပတ်သက်ပြီး အဆင်ပြေစေဖို့အတွက် တရားခံရဲ့ ဖခင်ထံကနေ ချမ်းအေးသာစံမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး သိန်းနိုင်က ငွေကျပ်နှစ်သိန်း တောင်းယူခဲ့တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

အလားတူ စခန်းမှူးဖြစ်တဲ့ ရဲအုပ် ကျော်သူကလည်း အမှုသက်သာစေဖို့နဲ့ တရားခံကို အိုးဘိုအကျဉ်းထောင် မပို့ဖို့အတွက် ငွေကျပ်နှစ်သိန်း တောင်းခံခဲ့သလို အမှုစစ် ဒုရဲအုပ် ထွန်းထွန်းလင်းကလည်း တရားခံကို မညှဉ်းပန်းမနှိပ်စက်ဖို့နဲ့ အမှုကိစ္စအဆင်ပြေစေဖို့အတွက် ငွေကျပ်တစ်သိန်းခွဲနဲ့ ဆိုင်ကယ်ပြန်လည်ရရှိရေး ငွေကျပ် နှစ်သိန်းခွဲကို တရားခံ ဖခင်ထံကနေ ယူခဲ့ကြောင်းလည်း ကော်မရှင်ရဲ့ ထုတ်ပြန်ချက်မှာ ပါဝင်ပါတယ်။

ရဲမှူးသိန်းနိုင်က လက်ရှိအချိန်မှာ နေပြည်တော် ဥတ္တရခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှာ ဒုတိယ ခရိုင်ရဲတပ်ဖွဲ့မှူးအဖြစ် တာဝန်ကျနေပြီး ရဲအုပ် ကျော်သူကတော့ ကမ္ဘာလှည့်ခရီးသွား လုံခြုံရေးရဲတပ်ဖွဲ့မှာ တာဝန်ကျနေပါတယ်။

ဒါ့အပြင် ရဲအုပ် ကျော်သူက ချမ်းအေးသာစံမြို့နယ် အမှတ် ၃ နယ်မြေရဲစခန်းမှာ စခန်းမှူးအဖြစ် တာဝန်ထမ်းဆောင် ခဲ့စဉ်က ရာဇသတ်ကြီး ဥပဒေပုဒ်မ ၄၂၀ လိမ်လည်မှုနဲ့ ဖွင့်တဲ့အမှုအတွက် ရဲစခန်းအာမခံရရှိဖို့ ငွေကျပ် တစ်သိန်းခွဲနဲ့ ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ (ဂ)အရ ဖွင့်လှစ်တဲ့အမှုအတွက် အာမခံရဖို့ ငွေကျပ် ၂၅ သိန်းကို ရယူခဲ့ပြီး အမူစစ် ဒုရဲအုပ် ကျော်နိုင်ဦးက ရဲစခန်းအာမခံကိစ္စဆောင်ရွက်ဖို့ ငွေကျပ်တစ်သိန်းခွဲ တောင်းခံခဲ့ကြောင်း  စစ်ဆေးပေါ်ပေါက် ခဲ့ပါတယ်။

ဒါ့အပြင် ရဲအုပ် ကျော်သူက အမှုပိတ်သိမ်းဖို့အတွက် ငွေကျပ်သိန်းတစ်ရာ တောင်းခံရယူဖို့  အားထုတ်ခဲ့တယ်လို့ ကော်မရှင် ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အဲ့ဒီ ရဲအရာရှိ လေးဦးကို အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၆ အရ မန္တလေးတိုင်းဒေသကြီး ချမ်းအေးသာစံမြို့နယ် အမှတ် ၃ နယ်မြေရဲစခန်းမှာပဲ ဇွန် ၁၄ ရက်နေ့က ပထမသတင်းပေးတိုင်ကြားချက်ဖွင့်ပြီး တရားစွဲအရေးယူနိုင်ရေး ဆောင်ရွက်နေတယ်လို့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က မနေ့က ရက်စွဲနဲ့ သတင်းထုတ်ပြန်ထားပါတယ်။

ဒီသတင်းကို RFA သတင်းထောက် မသက်စုအောင် ပေးပို့တာပါ။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org